ကေအိုင်အေကို လီဆူတိုင်းရင်း သားတွေ ဆန္ဒပြ


2017.05.22
lisu-protest-kia-620.jpg လီဆူလူမျိုးနှစ်ထောင်ကျော် မြစ်ကြီးနားမြို့မှာ KIA ကို မေလ ၂၂ ရက်နေ့ က ဆန္ဒပြနေစဉ်
photo: Thiha Tun/RFA

ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ က လီဆူတိုင်းရင်းသားတွေကို ဖမ်းဆီးသတ်ဖြတ်၊ ဆက်ကြေးကောက်၊ အဓမ္မပြုကျင့် စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး လီဆူလူမျိုး အယောက် နှစ်ထောင်ကျော်က ဒီကနေ့မြစ်ကြီးနားမြို့မှာ ဆန္ဒပြကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က တနိုင်း၊ ဆဒုံးစတဲ့ ဒေသတွေမှာ လီဆူတိုင်းရင်းသားတွေ အသတ်ခံရတာကြောင့် အခုလို ဆန္ဒဖော်ထုတ်တာဖြစ်တယ်လို့ လီဆူတစ်မျိုးသားလုံး ဆန္ဒဖော်ထုတ်ရေး ကော်မတီ အဖွဲ့ဝင် ဦးအလေးဖါးဖါး က ပြောပါတယ်။

"တရားမျှတမှုမရှိဘူး၊ လူ့အခွင့်အရေး ချိုးဖောက်နေတယ်၊ လူမျိုးကြီးဝါဒ ကျင့်သုံးတဲ့အပိုင်းတွေ ကျနော်တို့ မြင်လာတယ်၊ မနှစ်တုန်းက ဆဒုံးမှာ ၄ ဦး အသတ်ခံရပါတယ်"

အဲဒီလို သတ်ဖြတ်ခံရတာတွေနဲ့ ပတ်သက်လို့ ကေအိုင်အေ/ကေအိုင်အို အဖွဲ့ကို အကြောင်းကြားပေမဲ့ လီဆူတိုင်း ရင်းသားတွေ ကျေနပ်အောင် မတောင်းပန်တဲ့အတွက် ဆန္ဒပြရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခုလိုဆန္ဒပြတာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG အဖွဲ့ဝင် ဦးဆန်းအောင် နဲ့ ကေအိုင်အို ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ဝင် ဗိုလ်မှူးကြီး နော်လီ တို့ကို RFA က ဒီကနေ့ နေ့လယ်ပိုင်းမှာ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းအဆက်အသွယ်မရပါဘူး။

ကေအိုင်အိုအဖွဲ့ အနေနဲ့ လီဆူတစ်မျိုးသားလုံးကို တရားဝင် ဝန်ချတောင်းပန်ရေး၊ ဒီလိုအဖြစ်အပျက်တွေ နောက် ထပ်မဖြစ်စေဖို့ ဝန်ခံကတိပြုရေး နဲ့ သေဆုံးသွားသူတွေရဲ့ လူမှုရေးကိစ္စတွေကိုဆောင်ရွက် ပေးရေးစတာတွေ ကို ဆောင်ရွက်ပေးရမယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။

လီဆူတစ်မျိုးသားလုံး ဆန္ဒဖော်ထုတ်ရေးကော်မတီက ဦးဆောင်တဲ့ ဒီကနေ့ ဆန္ဒပြပွဲကို မြစ်ကြီးနား၊ ဝိုင်းမော်၊ တနိုင်း၊ ပူတာအို စတဲ့ မြို့နယ် ၁၅ ခုက လီဆူတိုင်းရင်းသားတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။