မုံရွာအကျဉ်းထောင်က LGBT တစ်ဦး လိင်ပိုင်းဆိုင်ရာ စော်ကားခံရ

2022.07.03
မုံရွာအကျဉ်းထောင်က LGBT တစ်ဦး လိင်ပိုင်းဆိုင်ရာ စော်ကားခံရ စစ်အာဏာရှင်ဆန့်ကျင်ရေး မန္တလေးမြို့မှ LGBT သပိတ်စစ်ကြောင်း ၂၀၂၁ နိုဝင်ဘာလ ၂၀ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်
Photo: LGBT Union

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အကျဉ်းထောင်က လိင်စိတ်ခံယူမှုကွဲပြားတဲ့ LGBT နိုင်ငံရေးအကျဉ်း သားတစ်ဦးကို ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာ ထောင်အရာရှိဖြစ်သူ ဇော်ဇော်အောင်ဆိုသူက လိင်ပိုင်းဆိုင်ရာစော်ကားမှုလုပ်ခဲ့တယ်လို့ လိင်စိတ်ခံယူမှု ကွဲပြားသူများကွန်ရက်က ပြောပါတယ်။

ဒီအခြေနေတွေကို ထောင်ထဲကနေလာတဲ့စာအရ သိရတာဖြစ်ပြီး နောက်ဆက်တွဲအခြေနေကိုတော့ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူများ ကွန်ရက်အဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

“ထောင်က တစ်ပွင့်ဗိုလ် ဇော်ဇော်အောင်က မူးလာပြီးတော့ LGBT တစ်ယောက်ကို စော်ကားတယ်။ အဲဒီတစ်ပွင့်ဗိုလ်က မူးလာရင် နိုင်ငံရေးအကျဉ်းသားတွေကို သီးသန့် နှိပ်စက် စော်ကားတာတွေလုပ်တယ်။ စစ်ကောင်စီက ထောင်ထဲမှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် သိသိသာသာ‌ရော မသိမသာရော ချိုးဖောက်နေတာပါ“

ဒါကြောင့် ဖမ်းဆီးခံထားရတဲ့ LGBT တွေအားလုံးရဲ့ လုံခြုံရေးကို စိတ်ပူသလို နောက်ထပ် ဒီလိုကိစ္စတွေ ထပ်ဖြစ်မှာကိုလည်း စိုးရိမ်တယ်လို့ ဆိုပါတယ်။

ထောင်ထဲမှာ စော်ကားခံရသူဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန်လောက်မှာ အဖမ်းခံခဲ့ရသူလို့ လိင်စိတ်ခံယူမှု ကွဲပြားသူများကွန်ရက် အဖွဲ့ဝင်က ပြောပါတယ်။

ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူကို RFA က တယ်လီဖုန်းနဲ့ ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလကလည်း မန္တလေးမြို့က LGBT အရေးတက်ကြွလှုပ်ရှားသူ စူးရှရှင်းသန့်ကို လမ်းပေါ်မှာဆိုင်ကယ်စီးနေချိန်မှာပဲ စစ်ကောင်စီတပ်သား‌တွေ ကားနဲ့တိုက်ပြီး ဖမ်းဆီးသွားပြီးနောက် စစ်ကြောရေးမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ လုပ်ခဲ့တယ်လို့ လိင်စိတ်ခံယူမှု ကွဲပြားသူများ ကွန်ရက်က ပြောပါတယ်။

အဲဒီကွန်ရက်အနေနဲ့ ထောင်ထဲမှာရောက်နေသူတွေ အခြေခံ လူ့အခွင့်ရေးရရှိဖို့နဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရဖို့အတွက်ဆိုပြီး ပြည်သူလူထုထံကနေ ဆန္ဒမဲလက်မှတ်တွေ ကောက်ခံနေတာ လက်ရှိ ၃၀၀၀၀ နီးပါး ရထားတာကြောင့် မကြာခင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ( ICRC) ကို ပေးပို့သွားမယ်လို့ RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။