လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဆန့်ကျင်ပြီးမရေးဖို့ တရားရေးဝန်ထမ်းတွေ ကန့်သတ်ခံရ
စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ တရားရေးဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ရေးသားမှုလုပ်တာ၊ နိုင်ငံရေးဆိုင်ရာ ထင်မြင်ယူဆချက်တွေ ရေးသားတာနဲ့ ဌာနဆိုင်ရာဝတ်စုံနဲ့ ဓာတ်ပုံတွေဖြန့်ဝေတာ စတာတွေမလုပ်ဖို့ စစ်ကောင်စီ ရဲ့ ပြည်ထောင်စုတရားသူကြီးချုပ်ရုံးက ညွှန်ကြားထားတယ်လို့ တရားရေး ဝန်ထမ်းတွေနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
အဲဒီညွှန်ကြားချက်ကို ပြီးခဲ့တဲ့အောက်တိုဘာ ၁၉ ရက်နေ့ကတည်းက တိုင်းနဲ့ ပြည်နယ် အားလုံးမှာရှိတဲ့ တရားသူကြီးတွေနဲ့ တရားရေးအရာရှိတွေထံ ညွှန်ကြားခဲ့တာလို့ ရန်ကုန် မြို့မှာရှိတဲ့ တရားရေးဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။
“အဲဒါဟုတ်တယ်။ တစ်ပတ်လောက်ရှိပြီ ညွှန်ကြားထားတာ။ အဓိကတော့ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ စာတွေကို မရေးဖို့ပေါ့”
နောက်ထပ် တရားရေးဝန်ထမ်းတစ်ဦးကလည်း တရားရေးဝန်ထမ်းတွေ လူမှုကွန်ရက်သုံးစွဲ တဲ့အပေါ် စောင့်ကြည့်နေတဲ့သဘောဖြစ်ပြီး အခုကန့်သတ်ထားတဲ့ စည်းမျည်း၊ စည်းကမ်း တွေကို မလိုက်နာဘူးဆိုရင် အရေးယူခံရနိုင်တယ်လို့ RFA ကို ပြောပါတယ်။
လူမှုကွန်ရက်စာမျက်နှာတွေမှာ တရားရုံးနဲ့သက်ဆိုင်တဲ့ လုပ်ငန်းဆိုင်ရာ သတင်းအချက် အလက် ပေါက်ကြားတာ၊ တရားစီရင်ရေးလုပ်ငန်းတာဝန်တွေအပေါ် ပျက်ကွက်လာနိုင်တာ နဲ့ တရားသူကြီးနဲ့ တရားရေးအရာရှိတွေကို အများပြည်သူ အထင်မြင်လွဲမှားစေနိုင်တာတွေ ကြောင့် လူမှုကွန်ရက်သုံးစွဲမှုကို ကန့်သတ်တာလို့ စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု တရားသူကြီးချုပ်ရုံးရဲ့ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် တရားသူကြီးတွေနဲ့ တရားရေးအရာရှိတွေအနေနဲ့ တစ်ဦးချင်းစီ ဝန်ခံကတိပြု ချက် ပုံစံတွေမှာ လက်မှတ်ရေးထိုးကြဖို့လည်း ညွှန်ကြားချက်မှာ ပါဝင်ပါတယ်။