လေးကေ့ကော် စစ်ဘေးဒုက္ခသည်တွေ ထပ်မံထွက်ပြေးရ

RFA Burmese
2023.02.23
လေးကေ့ကော် စစ်ဘေးဒုက္ခသည်တွေ ထပ်မံထွက်ပြေးရ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်စပ်အထိ ထွက်ပြေးနေရသည့် လေးကေ့ကော်ဒေသ ဒုက္ခသည်များကို ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် တွေ့ရစဉ်။
Citizen Journalist

ကရင်ပြည်နယ် မြဝတီမြို့ ဖလူး-ဝေါလေလမ်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တိုက်ပွဲဖြစ်တာကြောင့် ဒုက္ခသည်ခုနစ်ရာလောက် သောင်ရင်းမြစ်ကမ်းစပ်ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်တပ်က လေကြောင်းတိုက်ခိုက်မှာကို စိုးရိမ်လို့ မြစ်စပ်မှာ ရွှေ့ပြောင်းနေကြတာလို့ လေးကေ့ကော်ဒေသ စစ်ဘေးဒုက္ခသည်စခန်းက အမျိုးသမီးတစ်ဦးက ပြောပါတယ်။ စစ်ဘေးဒုက္ခသည်စခန်းနဲ့ ကိုက်သုံးရာအကွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒုက္ခသည်စခန်းက အမျိုးသားတစ်ဦးလည်း ဦးခေါင်းကို ကျည်ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။

“မနေ့က တိုက်ပွဲကနေ ကျည်ကျော်လာတာ၊ တစ်ယောက် ခေါင်းရှပ်ထိသွားတယ်။ မစိုးရိမ်ရပါဘူး။ နှစ်ချက်ပဲ ချုပ်လိုက်ရတယ်။ ကျွန်မတို့က လေယာဉ်နဲ့လာတိုက်မှာ ကြောက်တာ။ အဲဒါကြောင့်မို့ အလွယ်တကူ ဆင်းပြေးလို့ရအောင် ကမ်းစပ်မှာ ဆင်းနေကြတာ”

စခန်းမှာခိုလှုံနေတဲ့ ဒုက္ခသည်တစ်ထောင်ကျော်ဟာ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလလယ်လောက်က ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ-၆ နယ်မြေ လေးကေ့ကော်ဒေသမှာ စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားတဲ့အတွက် ထွက်ပြေးခဲ့သူတွေဖြစ်ပြီး အခု နောက်တစ်ကြိမ် ထပ်ပြီး ထွက်ပြေးကြရတာဖြစ်ပါတယ်။

သောင်ရင်းမြစ်ကမ်းစပ်မှာ အမိုးအကာ လုံလုံခြုံခြုံမရှိတဲ့အတွက် နှစ်ဘက်စစ်ရေးတင်းမာနေတဲ့ကြားကပဲ ဒုက္ခသည်တချို့က စခန်းကို ပြန်ပြောင်းနေကြပေမယ့် သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ အမျိုးသမီးအများစုကတော့ ဖေဖော်ဝါရီလ ၂၃ ရက်ညအထိ မပြန်ရဲကြသေးပါဘူး။

KNLA ကော်ဘရာစစ်ကြောင်း ထိန်းချုပ်ထားတဲ့ ဖလူး-ဝေါလေလမ်းမကို စစ်ကောင်စီယာဉ်သုံးစီး ဖြတ်သွားရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကော်ဘရာစစ်ကြောင်းဘက်က တပ်ဖွဲ့ဝင်တစ်ဦး၊ စစ်ဘေးဒုက္ခသည်စခန်းက အရပ်သားတစ်ဦး ဦးခေါင်းဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။