ဖဲကြိုးဝါလှုပ်ရှားမှု ရန်ကုန်မြို့မှာ စတင်
2015.09.11

တပ်မတော်က အရာရှိ ၂ဝ လောက်ကို အငြိမ်းစားပေးပြီး နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ ဒုတိယညွန်ကြားရေးမှူးချုပ်လို ရာထူးမျိုးတွေ တိုက်ရိုက် ခန့်အပ်လိုက်တာကို ကန့်ကွက်တဲ့ ဖဲကြိုးအဝါလှုပ်ရှားမှုကို ရန်ကုန်မြို့က ရှေ့နေတွေက ဒီနေ့ စတင်လိုက်ပါတယ်။
အဲ့ဒီလှုပ်ရှားမှုကို ရန်ကုန်မြို့ ၃၇ လမ်းမှာရှိတဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုး ရုံးခန်းမှာ ပြုလုပ်ခဲ့တာဖြစ် ပြီး ရှေ့နေ ဦးအောင်စိုးက အရပ်သား တရားရုံးမှာ အရပ်သားတွေပဲ စီမံအုပ်ချုပ်ရမှာဖြစ်တယ်လို့ ပြောပါတယ်။
"ဆရာတို့ ဒီလှုပ်ရှားမှုဟာလည်း မည်သူ့ကိုမလိုချင်လို့ မည်သူ့ကိုဟိုဟာဖြစ်လို့ မဟုတ်ဘူး အဲ့ဒါတွေရှင်းဖို့ လိုတယ်၊ ကျနော်အထူးပဲကျေနပ်တယ် အထူးပဲလည်း သဘောတူတယ်၊ ဒါပေမယ့် ဆရာတို့မှာ ဒီ စစ်ခုံရုံးတို့ပေါ့လေ အဲ့ဒါတွေမှာဆိုရင်တော့ သင့်တော်မှာပေါ့လေ ပိုပြီးတော့၊ အရပ်သားတရားရုံးမှာ အရပ်သား ပုဂ္ဂိုလ်တွေပဲ အုပ်ချုပ်တာတို့၊ စီမံတာတို့၊ ခန့်ခွဲတာတို့၊ ဆုံးဖြတ်တာတို့ ဖြစ်စေချင်တာပေါ့၊ စစ်အုပ်ချုပ်ရေး သဘောတရားအယူအဆက အခုအထိမပျောက်သေးဘူး"
တရားစီရင်ရေးမှာ စစ်တပ်က အရာရှိတွေကို အဆင့်မြင့်ရာထူးတွေပေးပြီး နေရာချထားတာ ဆယ်စုနှစ်တစ်စု စာလောက် ရှိနေပြီလို့လည်း ပြောပါတယ်။ ဖဲကြိုးအဝါလှုပ်ရှားမှုကို ပထမဆုံးအနေနဲ့ ပျဉ်းမနားမြို့နယ် က ရှေ့နေတွေ စတင်ခဲ့တာဖြစ်ပြီး နေပြည်တော်ကောင်စီမြို့နယ်တွေအပြင် အခုဆိုရင် ပြည်၊ မန္တလေးနဲ့ ရန်ကုန်မြို့မှာ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။
တရားရေးဝန်ထမ်းတစ်ယောက်ဟာ ဒုတိယညွန်ကြားရေးမှူးချုပ် ရာထူးရဖို့အတွက် နှစ်ပေါင်း ၃ဝ လောက်အထိ ကြိုးစားရပေမယ့် တပ်မတော်က အခုလိုတိုက်ရိုက်တာဝန်တွေ ရယူလိုက်တာ မဖြစ်သင့်တဲ့အတွက် အခုလို ကန့်ကွက်လှုပ်ရှားရတာဖြစ်ကြောင်း ဖဲကြိုးအဝါလှုပ်ရှားမှုကို ဦးဆောင်နေတဲ့ ပျဉ်းမနားမြို့နယ်ရှေ့နေအသင်း ဥက္ကဌ ဦးခင်မောင်ဇော်က ပြောပါတယ်။
လက်ရှိ ပြည်ထောင်စု တရားလွှတ်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးဟာလည်း တပ်မတော်က (အငြိမ်းစား) ဒုတိယဗိုလ်မှူးကြီးတစ်ဦးဖြစ်ပါတယ်။
ဒီအတောအတွင်း မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ ဖဲကြိုးဝါလှုပ်ရှားမှုကို နိုင်ငံတကာ အဖွဲ့အစည်းတွေက ထောက် ခံပံ့ပိုးပေးကြဖို့ AHRC လို့ခေါ်တဲ့ အာရှလူ့အခွင့်အရေးကော်မရှင်လည်း ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက် ပါတယ်။
AHRC အဖွဲ့က ရှေ့နေ ဦးမင်းလွင်ဦးကို RFA အဖွဲ့သူ မခက်မာ ဆက်သွယ်မေးမြန်းထားထားတာ နားဆင်နိုင် ပါတယ်။