ပုဂ္ဂလိကဆေးရုံဆောက်ခွင့် ဖဲကြိုးနက်ဆရာဝန်များအဖွဲ့ ကန့်ကွက်


2016.02.27
yangon-hospital-620.jpg ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းနဲ့ ပြည်လမ်းထောင့်မှာရှိတဲ့ သူနာပြုတက္ကသိုလ်ရှေ့က ကျမ်းမာရေးဝန်ကြီးဌာနပိုင် မြေ ကွက်မှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပုဂ္ဂလိကဆေးရုံ ဆောက်လုပ်ခွင့် ချထားပေးလိုက်တာကို အပြီးတိုင်ပယ်ဖျက်ပေးဖို့ ဖဲကြိုးနက်ဆရာဝန်များအဖွဲ့က လက်မှတ်ပေါင်း ၁ဝဝဝ ခန့် နိုင်ငံတော်သမ္မတ ထံ ပေးပို့တောင်းဆိုလိုက်ပါတယ်။

ပြည်သူတွေအတွက် ဆုံးရှုံးနစ်နာမှုဖြစ်စေတဲ့ ဒီစီမံကိန်းကို အပြီးတိုင် ပယ်ဖျက်ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆို တာလို့ ဖဲကြိုးနက်ဆရာဝန်များအဖွဲ့ ဦးဆောင်သူ ဒေါက်တာ အလင်္ကာက ပြောပါတယ်။

"ကျန်းမာရေးမိသားစုအနေနဲ့ ရန်ကုန်ဆေးရုံးကြီး အရာထမ်းဒီနေရာကို ပုဂ္ဂလိကဆေးရုံ စီမံကိန်းပေးတဲ့ အတွက် ကျမတို့အတွက် ဆုံးရှုံးနစ်နာမှုဖြစ်တယ်၊ လူနာတွေအတွက်လည်း အခြေခံအဓိကကျ လိုအပ်တဲ့ အရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူနာတွေအတွက်ပေါ့နော် ပြည်သူတွေအတွက် အဓိက ဆုံးရှုံးနစ်နာမှုကြီးဖြစ်တဲ့အတွက် ဒီဟာကို ကျမတို့ ကျန်းမာရေးမိသားစုအနေနဲ့ ကန့်ကွက်ကြောင်းနဲ့ ဒီစီမံကိန်းကိုအပြီးတိုင် ဖယ်ဖျက်ရပ်ဆိုင်းပေးဖို့ ကျမတို့က တင်ပြသွားခြင်းဖြစ်ပါတယ်"

ဒီနေ့မှာ ကောက်ခံရရှိထားပြီးဖြစ်တဲ့ လက်မှတ်တစ်ထောင်နီးပါးကို နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော် ၃ ရပ်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာဌာနတွေကို ပေးပို့လိုက်တယ်လို့ ပြောပါတယ်။

ပါမောက္ခဆရာဝန်ကြီးတွေ၊ အထူးကုဆရာဝန်ကြီးတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးတက္ကသိုလ် အသီးသီး တို့က ကျောင်းသား၊ ကျောင်းသူတွေက ပါဝင်လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီမြေနေရာကို မြန်မာနိုင်ငံရင်းနှီးမြုှပ်နှံမှုကော်မရှင်အဖွဲ့က စင်ကာပူနိုင်ငံအခြေစိုက် Parkway Hospital အုပ်စု နဲ့ မြန်မာနိုင်ငံက Andaman Alliance Healthcare လီမိတက်တို့ကို ဆေးရုံစီမံကိန်း နှစ် ၅ဝ ဌားရမ်းလုပ်ကိုင်ခွင့်ပြု လိုက်တာ ဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့် စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။