လောင်းလုံးမှာ ကျေးရွာတွင်းပစ်ခတ်လို့ ဒေသခံနှစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ

2022.04.29
လောင်းလုံးမှာ ကျေးရွာတွင်းပစ်ခတ်လို့ ဒေသခံနှစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာမှာ သေနတ်ဒဏ်ရာရရှိခဲ့သူကို ထားဝယ်ဆေးရုံသို့ ပို့ဆောင်စဉ်
ဓာတ်ပုံ - ထားဝယ်မြို့နယ်ကြက်ခြေနီအသင်း

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာထဲကို ဧပြီလ ၂၈ ရက် မနေ့ ည ၉ နာရီခွဲလောက်က ပျူစောထီးအဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့ရာမှာ ဒေသခံနှစ်ဦး သေဆုံးပြီး နောက်ထပ်တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၅၀ ကျော်အရွယ် ဦးကျော်ထွေးနဲ့ အသက် ၇၀ ခန့်အရွယ် ဦးဖေသန်းတို့ဖြစ်ကြပြီး အသက် ၅၀ ကျော်အရွယ် ဦးဖေမွန်ကတော့ အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လို့တဲ့ ပန္ဒလဲကျေးရွာ ရွာသားတစ်ဦးက ပြောပါတယ်။

"သူတို့က ရွာထဲမှာ ပေါ်တင်လက်နက်ကိုင်ပြီး ပေါ်တင်လိုက်ပစ်သတ်တာ။ သူတို့ အဖွဲ့ဝင်က အကုန် ၁၅ ယောက်လောက်ရှိတယ်။ မနေ့က မနက်ပိုင်းမှာ ပျူစောထီး အဖွဲ့ဝင် တစ်ယောက် ပစ်သတ်ခံရတာရှိတယ်။ ဒီဟာကို အကြောင်းပြပြီး မကျေနပ်လို့ ရမ်းကားဝင်ပစ်တယ်လို့ ဒီလိုပဲ ယူဆတယ်ဗျ"

ဦးဖေမွန်ဟာ လက်ရှိမှာ ထားဝယ်ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ်နဲ့ တက်ရောက် ကုသနေရတယ်လို့ ပြောပါတယ်။

ဧပြီလ ၂၈ ရက်နေ့ မနေ့မနက်ပိုင်းက ပန္ဒလဲဈေးမှာ ပျူစောထီးအဖွဲ့ဝင်ဆိုတဲ့စွပ်စွဲချက်နဲ့ ဒေါ်သန်းသန်းတင်ကို သေနတ်လေးချက် ပစ်ခတ်ခဲ့တယ်လို့ Dawei Defence Team (DDT တပ်ခွဲ ၃ ) က မနေ့က ထုတ်ပြန်ထားပါတယ်။

အခု ပစ်သတ်ခံရသူတွေကတော့ သာမန်ရွာသားတွေဖြစ်ပြီး နိုင်ငံရေးမှာ ပါဝင်ပတ်သက် နေသူတွေ မဟုတ်ဘူးလို့ ရွာသားတွေက ပြောပါတယ်။

စစ်အာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ချေမှုန်းဖို့ အတွက် စစ်ကောင်စီက ပျူစောထီးအဖွဲ့ဝင်တွေကို စစ်သင်တန်းပေးပြီး လက်နက်တွေ တပ်ဆင်ပေးထားတာလို့ ဒေသခံတွေအကြားမှာ ပြောဆိုမှုတွေ ရှိနေပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ ပြည်သူ့စစ်အဖွဲ့တွေ သာ ဖွဲ့စည်းထားပြီး တခြား ဘယ်အဖွဲ့အစည်းမှ ဖွဲ့စည်းထားတာ မရှိဘူးလို့ ဧပြီလ ၂၇ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။