လောက်ကိုင်မြို့ကနေ အမြန်ဆုံးထွက်ခွာကြဖို့ မြို့ခံတွေနဲ့ နိုင်ငံခြားသားတွေကို ကိုးကန့်အဖွဲ့ တိုက်တွန်း
2023.12.30

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ကနေ ဒေသခံတွေနဲ့ နိုင်ငံခြားသားတွေ အမြန်ဆုံးထွက်ခွာကြဖို့ ရှမ်းပြည်နယ် အထူးဒေသ (၁) စစ်ရေးအုပ်ချုပ်မှုကော်မတီက ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် လောက်ကိုင်မြို့အတွင်း တိုက်ပွဲတွေပြင်းထန်နေသလို လုံခြုံရေးစိုးရိမ်ရတာကြောင့် ဘေးလွတ်ရာကို အမြန်ဆုံးပြောင်းရွှေ့ထွက်ခွာဖို့နဲ့ နိုင်ငံခြားသားတွေအနေနဲ့လည်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ( MNDAA) ရဲ့ သက်ဆိုင်ရာဌာနတွေကို ဆက်သွယ်ပြီး တရားဝင်လမ်းကြောင်းကနေ နေရပ်ပြန်ကြဖို့ သတိပေး ကြေညာလိုက်တာပါ။
ဒါ့အပြင် MNDAA တပ်ဖွဲ့က ဆိုက်ဘာမှုခင်း ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသူတွေကို တရုတ်နိုင်ငံနဲ့အတူ ပူးပေါင်းဖမ်းဆီးသွားမှာဖြစ်ပြီး ဒေသအတွင်း နေထိုင်နေတဲ့ ကျားဖြန့်လုပ်ငန်းရှင်တွေအနေနဲ့ ပြစ်မှုဝန်ခံပြီး ဖမ်းဆီးခံကြဖို့လည်း တိုက်တွန်းထားပါတယ်။
တရုတ်အစိုးရကလည်း လောက်ကိုင်မြို့မှာရှိတဲ့ တရုတ်နိုင်ငံသားတွေကို အမြန်ဆုံးပြောင်းရွှေ့ဖို့ ဒီဇင်ဘာလ ၂၈ ရက်နေ့က တိုက်တွန်းခဲ့ပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး နှစ်လကျော်ကြာချိန်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ဆယ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။