ကြေးနီတောင် စီမံကိန်းအကြောင်း ရှင်းလင်းပွဲ ရန်ကုန်မှာ ကျင်းပ
2013.01.23

ကြေးနီတောင်စီမံကိန်းနဲ့ ပတ်သက်ပြီး လက်ပန်းတောင်းတောင် သိပ္ပံအမြင်ခေါင်းစဉ်နဲ့ ရူပဗေဒပညာရှင် ဒေါက်တာခင်မောင်ညို က အခမ်းအနားမှာ အခုလို ဟောပြောခဲ့ပါတယ်။
“မြန်မာပြည်နဲ့ ပတ်သက်ပြီး ပြောလိုက်ရင် သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်တယ်၊ သတ္တုတွင်း တူးနိုင်တဲ့ မြေကြီးဟာ မြန်မာနိုင်ငံမှာ ၅၄ ရာခိုင်နှုန်း ရှိပါတယ်၊ အဲဒီ့ မြေကြီးကို တူးလိုက်မယ်ဆိုရင် အပေါက်တွေဖြစ်ပြီး ၄၆ ရာခိုင်နှုန်းပဲ နေထိုင်ဖို့ ကျန်ပါတော့တယ်၊ မုံရွာကနေပြီးတော့ တဖက်ကို လှမ်းကြည့်လိုက်ရင် အရင်ခေတ်ကတော့ မို့မို့မောက်မောက် တောင်နှစ်လုံးကို မြင်ရပါတယ်၊ ကြေးစင်တောင်ကြီးက တဖြေးဖြေးနဲ့ ကုန်သွားပြီးတော့ ချိုင့်ကပါးတွေဖြစ်ကုန်ပြီ”
လက်ပန်းတောင်းတောင် ပတ်ဝန်းကျင်မှာရှိတဲ့ ဆည်တဲရွာမှ ဒေသခံတစ်ဦးကတော့ မိမိတို့ လယ်သမားများအနေနဲ့ လယ်ယာပဲ ပြန်လုပ်ချင်တာကြောင့် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းပေးဖို့ အခမ်းအနားမှာ တောင်းဆိုလိုက်ပါတယ်။
“ကျမတို့ သိလို့ တတ်လို့ မဟုတ်ပါဘူး၊ ကျမတို့ ဘာမှလည်း မသိပါဘူး၊ ဘာမှလည်း နားမလည်ပါဘူး၊ တကယ့်တကယ်က ကိုယ့်ခံစားချက်ထဲမှာ ဒီတောင်ကြီး မရှိရင် ကျမတို့ ဘဝတွေ ဆုံးရှုံးသွားမယ်၊ ကျမတို့ လယ်ယာမြေမရှိရင် ကျမတို့ ဘဝဟာ ဘယ်လိုရှေ့ဆက်ပြီး ရှင်သန်နိုင်မလဲဆိုတာ၊ ကျမတို့ ဒီ့ပြင် လုပ်ငန်းလည်း မလုပ်စားတတ်ပါဘူး၊ ဒီတောင်သူပဲ လုပ်စားတတ်ပါတယ်၊ အခု ဖြစ်ချင်တာကတော့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြီးကို လုံးဝ ဖျက်သိမ်းပေးပါလို့ အနူးအညွှတ်မေတ္တာ ရပ်ခံပါတယ်”
ဒါ့အပြင် သမ္မတဦးသိန်းစိန်ဆီကို ကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့၊ လယ်မြေတွေ အဓမ္မမသိမ်းယူဖို့၊ သာသနာပိုင်မြေတွေ ပြန်ပေးဖို့နဲ့ တရားရုံးအသီးသီးမှာ တရားစွဲဆိုခံထားရတဲ့ အမှုအခင်းတွေ ကျေအေးပေးဖို့ စတဲ့အချက်တွေ အပါအဝင် အချက် ၉ ချက်ကို လူဦးရေ ၂ ထောင်ကျော်က လက်မှတ်ထိုးပြီး ပေးပို့ခဲ့ပါတယ်။
ဒီကနေ့ အခမ်းအနားကို ကြေးနီစီမံကိန်းတာဝန်ယူ အကောင်အထည်ဖေါ်နေတဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီက တာဝန်ရှိသူတချို့လည်း တက်ရောက်ခဲ့ပါတယ်။