မိုးကုတ်ကနေ ထွက်ပြေးလာသူတွေ စဉ့်ကူးမြို့နယ်ထဲမှာ ထပ်မံပိတ်မိနေ
2024.07.10

တိုက်ပွဲတွေကြောင့် မိုးကုတ်မြို့နယ်ကနေ မိုးကုတ်-မန္တလေးလမ်းအတိုင်း ထွက်ပြေးတိမ်းရှောင်လာသူ တစ်သောင်းခန့်ဟာ ဇူလိုင်လ ၁၀ ရက် ဒီနေ့မှာတော့ စဉ့်ကူးမြို့နယ်ထဲက လက်ပန်လှနဲ့ ရွှေပြည်ရွာတွေမှာ ပိတ်မိနေပြီး ရှေ့ဆက်မသွားနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မိုးကုတ်မြို့ကနေ မန္တလေးမြို့ကို ရောက်ဖို့ကြားထဲမှာ သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တွေကို ဖြတ်သွားရတာ ဖြစ်ပါတယ်။
သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်း၊ လိပ်ကျရွာနဲ့ ကျောက်ဖြူရွာတွေမှာ ပိတ်မိနေသူတွေ မနေ့က ထွက်ခွာခွင့်ရခဲ့ပြီး အဲဒီနေရာနဲ့ ၂၅ မိုင်ခန့်အကွာ စဉ့်ကူးမြို့နယ်ထဲမှာ ထပ်မံပိတ်မိနေတာပါ။
မတ္တရာမြို့နယ်ထဲမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ရှေ့ဆက်တိုးလို့မရဘဲ ပိတ်မိနေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လိပ်ကျကနေ ထွက်သွားတဲ့ သူတွေက အခု လက်ပန်လှ၊ ရွှေပြည်ဘက်မှာ ပိတ်မိနေတယ်။ ရှေ့မဆက်နိုင်တော့ဘူး။ မတ္တရာမှာ စစ်ပွဲတွေ ဖြစ်နေတော့ ကျော်ဖို့မလွယ်သေးဘူး။ မတ္တရာက လူတွေတောင် ထွက်ပြေးနေရတာဆိုတော့။ စစ်ကောင်စီကလည်း မတ္တရာမှာ အထိုင်ချထားတော့ ရှေ့ဆက်ဖို့ မလွယ်လောက်သေးဘူး”
စဉ့်ကူးမြို့နယ်ကနေ မန္တလေးကိုမသွားဘဲ စစ်ကိုင်တိုင်း ရွှေဘိုမြို့နယ်ကိုသွားနိုင်တဲ့ ကားလမ်းခွဲ တစ်ခုလည်းရှိပြီး အဲဒီလမ်းလည်း ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင် ၁၂၀ သာ ကွာဝေးပြီး ကားနဲ့ဆိုရင် ၇ နာရီခန့်သာ သွားရတဲ့ မိုးကုတ် - မန္တလေးလမ်းခရီးမှာ စစ်ဘေးဒုက္ခသည်တွေ ပိတ်မိနေတာ ဆယ်ရက်ကျော်နေပြီ ဖြစ်ပါတယ်။ လက်ရှိမှာ မန္တလေးကိုရောက်ဖို့ မိုင် ၃၀ ကျော်လိုနေသေးပြီး တိုက်ပွဲဖြစ်နေတဲ့ မတ္တရာမြို့နယ်ကို ဖြတ်သွားရမှာပါ။
ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေအထဲမှာ နာတာရှည် လူနာတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ သေနတ်ကျည် ထိမှန်ထားသူတွေ ပါတာကြောင့် ပိတ်မိတာ ရက်ကြာလာတာနဲ့အမျှ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။