လူ့အခွင့်အရေးချိုးဖောက်တဲ့ ရဲတွေကို အရေးယူဖို့ ပြည်ထဲရေးထံ တင်ပြ


2018.04.11
police-torture-622.jpg လပွတ္တာမြို့နယ် ပိုးလောင်းရွာ ရဲတွေက ရွာသားတစ်ဦးရဲ့ ခြေထောက်ပေါ်ကို ရေသန့်ဗူးမီးရှို့ပြီးအစက်ချ နှိပ်စက်ထားတဲ့ဒဏ်ရာတွေ ကို တွေ့ရစဉ်
Photo: Zaw Yan's Facebook

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာမှာ ခိုးမှုနဲ့ မသင်္ကာသူနှစ်ဦးကို ပိုးလောင်းရဲစခန်းက ညှဉ်းပန်းနှိပ်စက်စစ်ဆေးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ချိုးဖောက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ထိရောက်စွာ အရေးယူသင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာနထံ အကြံပြုထားပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနကို ပေးပို့လိုက်တဲ့ အစီရင်ခံစာထဲမှာပါတဲ့ အကြံပြုချက်တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးဖုန်းကြွယ် က အခုလို ပြောပါတယ်။

"အစီရင်ခံစာမှာတော့ အကြံပြုချက်လေးတွေ ထည့်ထားတာပေါ့နော်၊ အဓိက ကတော့ လူ့အခွင့်အရေး ဖောက်ဖျက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ထိရောက်စွာ အရေးယူပေးပါ။ နောက်တစ်ခုကတော့ အမှုနဲ့ပတ်သက်တဲ့ တရားခံတွေကိုလည်း ရဲလုပ်ထုံးလုပ်နည်းနဲ့အညီ အမြန်ဆုံးဖော်ထုတ်ပြီးတော့ သက်သေခိုင်လုံစွာနဲ့ တရားစွဲ တင်နိုင်ဖို့ တွန်းအားပေးဆောင်ရွက်ပေးပါ။ အဲတာတွေ အကြံပြုထားတယ်၊ သက်ဆိုင်ရာဝန်ကြီးဌာနပေါ့နော်၊ ပြည်ထဲရေးဝန်ကြီးဌာနကိုတော့ ပေးပို့ထားပါတယ်"

မသင်္ကာသူနှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကော်မရှင်အတွင်းရေးမှူး ဦးဖုန်းကြွယ်က မတ်လကုန် ပိုင်းမှာ ၄ ရက်ကြာ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပြီး တွေ့ရှိချက်တွေကို အစီရင်ခံစာ တင်ပြခဲ့တာ  ဖြစ်ပါတယ်။

အကြံပြုချက်တွေထဲမှာ အထက်အကြီးအကဲတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်မှု အားနည်းတာ၊ ပျက်ကွက်တာတွေကြောင့် ညှဉ်းပန်းနှိပ်စက် စစ်ဆေးတာလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေတာတွေ တေ့ွနေရကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပေါ် ပြည်သူတွေရဲ့ ယုံကြည်လေးစားအားထားမှု ပိုမိုရရှိစေဖို့အတွက် တပ်ဖွဲ့ဌာနအကြီးအကဲတွေက ပြန်လည်စိစစ် သုံးသပ်ဆောင်ရွက်သင့်တယ်လို့ ပါရှိပါတယ်။

ဒေါင့်ချောင်းကျေးရွာက နေအိမ်တစ်အိမ်မှာ ပစ္စည်းပျောက်မှု ဖြစ်ပွားတာနဲ့ဆက်စပ်ပြီး ရွာသားနှစ်ဦးကို မသင်္ကာလို့ ဆိုပြီး ပိုးလောင်းကျေးရွာရဲစခန်းက ညှဉ်းပန်းနှိပ်စက် စစ်ဆေးခဲ့တဲ့အတွက် ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုပြင်းထန်ဒဏ်ရာတွေရရှိခဲ့တဲ့ ကိုခင်မောင်လတ်နဲ့ ကိုစိုးမြတ်အောင် တို့ဟာ လပွတ္တာခရိုင်ဆေးရုံမှာ တစ်ပတ်ကျော်ကြာ ဆေးကုသမှုတွေ ခံယူခဲ့ရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရဲစခန်းမှာ ညှဉ်းပန်းနှိပ်စက်စစ်ဆေးခဲ့တဲ့ ပိုးလောင်းကျေးရွာ စခန်းမှူးနဲ့အဖွဲ့ကို အချုပ်ချပြီး ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် စုံခုံဖွဲ့ စစ်ဆေးနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။