နှိပ်စက်ခဲ့သူတွေနဲ့ နစ်နာခဲ့သူတွေကို MNHRC သွားစစ်ဆေး


2018.03.31
police-torture-622.jpg လပွတ္တာမြို့နယ် ပိုးလောင်းရွာ ရဲတွေက ရွာသားတစ်ဦးရဲ့ ခြေထောက်ပေါ်ကို ရေသန့်ဗူးမီးရှို့ပြီးအစက်ချ နှိပ်စက်ထားတဲ့ဒဏ်ရာတွေ ကို တွေ့ရစဉ်
Photo: Zaw Yan's Facebook

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာမှာ ခိုးမှုနဲ့ဆက်စပ်ပြီး မသင်္ကာသူနှစ်ဦးကို ညှဉ်းပန်းနှိပ်စက်စစ်ဆေးခဲ့တဲ့ ကျေးရွာရဲစခန်းမှူးနဲ့အဖွဲ့ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သွားရောက်စစ်ဆေးနေပါတယ်။

နှိပ်စက်မှုကြောင့် ဖမ်းဆီးခံထားရသူတွေနဲ့ နှိပ်စက်ခံရသူတွေကို တွေ့ဆုံခဲ့ပြီး တစ်ပတ်အတွင်း ကော်မရှင်ရဲ့ အစီရင်ခံစာ ထုတ်ပြန်မှာဖြစ်တယ်လို့ သွားရောက်စစ်ဆေးနေတဲ့ ကော်မရှင်အတွင်းရေးမှူး ဦးဖုန်းကြွယ်က ပြောပါတယ်။

"ဖြစ်နေတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး နှိပ်စက်ခံရတဲ့ ၂ ယောက်ကို ၂၉ ရက်နေ့မှာ လပွတ္တာမြို့နယ်က ၃ မိုင် ဆေးရုံမှာသွားပြီးတော့ ကြည့်ရှုပါတယ်၊ ဆေးရုံအုပ်ကြီးနဲ့ တွေ့ပြီးတော့ လူနာရဲ့အခြေအနေတွေ မေးမြန်း ပါတယ်၊ ကိုခင်မောင်လတ်ကတော့ အနာလေးတွေက အနာဖေးလေးတွေ တက်လာပြီး တော်တော်လေး ကျက်နေပါပြီ၊ ကျန်တော့ကျန်သေးတယ်၊ စိုးမြတ်အောင် ခေါ် မျောက်ကလေးဆိုတဲ့လူမှာတော့ ဒဏ်ရာတွေက ကျန်သေးတယ်၊ ယောကျာ်းအင်္ဂါမှာလည်း ဒဏ်ရာဒဏ်ချက်တချို့ ကျန်သေးတယ်ဆိုတာတွေ့ရပါတယ်၊ ကျနော်တို့ အစီရင်ခံစာရေးသားပြုစုမှာ ဖြစ်ပါတယ်၊ ရန်ကုန်ပြန်ရောက်ပြီး နောက်တစ်ပတ်အတွင်းပေါ့ အစီရင်ခံစာ ထွက်ပါလိမ့်မယ်"

အဲဒီအစီရင်ခံစာမှာ စစ်ဆေးတွေ့ရှိချက်တွေ၊ အကြံပြုချက်တွေ၊ သုံးသပ်ချက်တွေ ပါဝင်မှာဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေကို ပေးပို့သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

နစ်နာသူတွေရဲ့ မိသားစုတွေ၊ စုံခုံဖွဲ့စစ်ခံနေရတဲ့ ပိုးလောင်းရဲစခန်းက တပ်ဖွဲ့ဝင် ၄ ဦးအပြင် ပိုးလောင်းရဲစခန်း တပ်ဖွဲ့ဝင် ၆ ဦး၊ ဒေါင့်ချောင်းကျေးရွာက ရာအိမ်မှူးတွေ၊ ပစ္စည်းပျောက်တဲ့ မိသားစုဝင်တွေ၊ ဒေသခံတွေ အားလုံး စုစုပေါင်း ၂၁ ဦးကို တွေ့ဆုံမေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ ဦးဖုန်းကြွယ်က ပြောပါတယ်။

ဒါ့အပြင် အခင်းဖြစ်ပွားခဲ့တဲ့နေရာတွေကို ဒီကနေ့ သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

ဒေါင့်ချောင်းကျေးရွာက နေအိမ်တစ်အိမ်မှာ ပစ္စည်းပျောက်မှု ဖြစ်ပွားတာနဲ့ဆက်စပ်ပြီး မသင်္ကာသူနှစ်ဦးကို ပိုးလောင်းကျေးရွာရဲစခန်းက ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးခဲ့တဲ့အတွက် ပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့တာ ဖြစ်ပါတယ်။

ညှဉ်းပန်းနှိပ်စက်ခံရသူနှစ်ဦးဟာ လပွတ္တာခရိုင်ဆေးရုံမှာ လက်ရှိအချိန်အထိ ဆေးကုသမှုခံယူနေရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။