ညှဉ်းပန်းနှိပ်စက် စစ်ဆေးခဲ့တဲ့ ရဲစခန်းမှူးနဲ့အဖွဲ့ကို စုံခုံဖွဲ့စစ်ဆေး


2018.03.27
police-torture-622.jpg လပွတ္တာမြို့နယ် ပိုးလောင်းရွာ ရဲတွေက ရွာသားတစ်ဦးရဲ့ ခြေထောက်ပေါ်ကို ရေသန့်ဗူးမီးရှို့ပြီးအစက်ချ နှိပ်စက်ထားတဲ့ဒဏ်ရာတွေ ကို တွေ့ရစဉ်
Photo: Zaw Yan's Facebook

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာက ရွာသား ၂ ဦးကို အမှုကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး ရဲစခန်းမှာ ညှဉ်းပန်းနှိပ်စက်စစ်ဆေးခဲ့တဲ့ ပိုးလောင်းကျေးရွာ စခန်းမှူးနဲ့အဖွဲ့ကို အချုပ်ချပြီး စုံခုံဖွဲ့စစ်ဆေးနေတယ် လို့ ရွာသားတွေဘက်က လိုက်ပါကူညီပေးနေသူတွေက ပြောပါတယ်။

နှိပ်စက်ခံခဲ့ရသူ ၂ ဦးရဲ့ မိသားစုဝင်တွေဘက်က တိုင်ကြားမှုကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် စုံခုံဖွဲ့ စစ်ဆေးနေ တာဖြစ်တယ်လို့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းခေါ်ထုတ်ရေးကော်မီတီအဖွဲ့ဝင် ဦးဇော်ရမ်း က ပြောပါတယ်။

"ကျနော်တို့  နားလည်သလောက်က မိသားစုက တိုင်တာပါ၊ ခရိုင်ရဲတပ်ဖွဲ့ဝင်မှူးကိုယ်တိုင်  စုံခုံဖွဲ့ပြီးတော့ စစ်နေပါတယ်၊ ဒဏ်ရာတွေကတော့ ခါးပတ်လည်ပေါ့နော်၊  ယောကျာ်းအင်္ဂါစပ် ပတ်လည်ပေါ့နော်၊ သူတို့ ပုဆိုးတွေဘာတွေ ချွတ်ပြတယ်၊  ကျနော်တို့ကို ဖေ့စ်ဘွတ်မှာပေါ်တဲ့အတိုင်းပဲ၊ တအားအခြေအနေ ဆိုးတယ် ပေါ့နော်၊  သူတို့ခမျာ လမ်းပုံမှန်သွားလို့မရဘူး၊ တွဲသွားနေရတယ်၊ မနေ့က  ရဲတပ်ဖွဲ့မှူးရုံးကို လာတာရော သူတို့ နှစ်ယောက်လုံး တွဲသွားနေရတယ်၊  ထမင်းကောင်းကောင်းမစားနိုင်ဘူး၊ ပါးတွေကိုလည်း  အချက်ပေါင်းများစွာ ရိုက်ထားလို့ ယောင်ကိုင်းပြီးတော့ မဝါးနိုင်ဘူး၊  နောက်လက်ကလည်း ထုတ်တန်းမှာပေါ့၊ နာရီပေါင်းများစွာ နောက်ပြန်လက်ထိပ်ခတ်ပြီး  ကြိုးဆွဲထားတော့ လက်ကြီးတွေကို လည်း သူတို့ ကောင်းကောင်းမြှောက်လို့  ချလို့မရဘူး၊ ဆီးသွားတဲ့အခါမှာလည်း သူတို့ပုံမှန်မဟုတ်ဘူး၊ ခက်ခက်ခဲခဲ  သွားနေရတယ်"

အဲဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံသားများ ပုဂ္ဂလိကဆိုင်ရာ အခွင့်အရေးကာကွယ်တဲ့ ဥပဒေအတိုင်း တရားစွဲဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။

ဒေါင့်ချောင်းကျေးရွာက နေအိမ်တစ်အိမ်မှာ ပစ္စည်းပျောက်မှု ဖြစ်ပွားတာနဲ့ဆက်စပ်ပြီး မသင်္ကာသူနှစ်ဦးကို ပိုးလောင်းကျေးရွာ ရဲစခန်းက ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ခန္ဓာကိုယ်မှာ ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ညှဉ်းပန်းနှိပ်စက်ခံရသူနှစ်ဦးဟာ လပွတ္တာခရိုင်ဆေးရုံ မှာ ဆေးကုသမှုခံယူနေရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က လာမယ့် မတ်လ ၂၉ ရက်နေ့မှာ နှိပ်စက် ခံခဲ့ရသူတွေကို တွေ့ဆုံမှာ ဖြစ်တယ်လို့လည်း ဦးဇော်ရမ်း က ပြောပါတယ်။

ဖမ်းဆီးစစ်ဆေးခံရသူတွေဖြစ်တဲ့ ကိုခင်မောင်လတ်နဲ့ ကိုစိုးမြတ်အောင် တို့ဟာ ငါးဖမ်းတာ၊ ဂဏန်းဖမ်းတာတွေနဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူတွေဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။