လဟယ်မှာ မြေပြိုတာကြောင့် ကလေးတွေအပါအဝင် လေးဦး သေဆုံး

RFA Burmese
2024.05.30
လဟယ်မှာ မြေပြိုတာကြောင့် ကလေးတွေအပါအဝင် လေးဦး သေဆုံး စစ်ကိုင်းတိုင်း နဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်း တောင်ကျရေကြောင့် မြေပြိုခဲ့သည့် မြင်ကွင်းတစ်ခုအား ၂ဝ၂၄ ခုနှစ် မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

စစ်ကိုင်းတိုင်း နဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်မှာ မေလ ၂၈ ရက်နေ့က မြေပြိုတာကြောင့် ကလေး သုံးဦးအပါအဝင် လေးဦးသေဆုံးခဲ့တယ်လို့ ဒေသအခြေစိုက်မီဒီယာဖြစ်တဲ့ Naga News သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဝုထကျေးရွာမှာ တောင်ယာကနေပြန်လာတဲ့ သားအဖ သုံးဦးနဲ့ တခြားကလေးတစ်ဦးတို့ တောင်ကျချောင်းရေကြောင့် မြေပြိုတဲ့အထဲ ပါသွားပြီး သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက Naga News က ဖော်ပြထားပါတယ်။

"တောင်ယာကအပြန် တောင်ယာနှစ်ခုကြားက ချောင်းကိုဖြတ်နေတဲ့အချိန် အပေါ်ဖက်ကမြေပြိုကျလာပြီး ပါသွားတယ်တဲ့။ မြေပြိုတဲ့အထဲ ပါသွားတာသေချာတယ်။ ရှေ့နှစ်ယောက်ကလွတ်သွားတယ်။ သူတို့နှစ်ယောက်တွေ့တယ်တဲ့။ သူတို့ နှစ်ယောက်က သီသီလေး လွတ်လာတာ။ တောင်ယာက ပြန်လာတာ ခြောက်ယောက် နှစ်ယောက်ထဲ လွတ်တယ်။ သူတို့အနောက်မှာ ကျန်ခဲ့တဲ့ လေးယောက်က မလွတ်တာ။ တစ်မိသားစုထဲက ကလေးနှစ်ယောက်နဲ့ အဖေနဲ့ ပါသွားတယ်။ နောက် ကလေးတစ်ယောက်က တခြားမိသားစုက"

အသက် ၅၀ ကျော်အရွယ် ဖခင်ဖြစ်သူနဲ့ ကလေးနှစ်ယောက်ကတော့ အသက် ကိုးနှစ်ကနေ ၁၅ နှစ် ဝန်းကျင်ရှိပြီး နောက်ကလေးတစ်ယောက်ရဲ့ အချက်အလက်ကိုတော့ မသိရသေးပါဘူး။ မေလ ၃၀ ရက်နေ့အထိ ရုပ်အလောင်းတွေ ရှာမတွေ့သေးဘူးလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း နဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်း တောင်ကျရေကြောင့် မြေပြိုခဲ့သည့် မြင်ကွင်းတစ်ခုအား ၂ဝ၂၄ ခုနှစ် မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
စစ်ကိုင်းတိုင်း နဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်း တောင်ကျရေကြောင့် မြေပြိုခဲ့သည့် မြင်ကွင်းတစ်ခုအား ၂ဝ၂၄ ခုနှစ် မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

အလားတူ မေလ ၂၈ ရက်နေ့မှာပဲ လဟယ်မြို့ပေါ် တိုးချဲ့ရပ်ကွက် (၂) မှာ နေအိမ် ကိုးလုံးပျက်စီးခဲ့ပြီး လူဦးရေ ၅၀ နီးပါး ရွှေ့ပြောင်းနေရတယ်လို့ ဒေသခံတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားထားပါတယ်။ လဟယ်မြို့နယ်မှာ တယ်လီဖုန်းလိုင်းအခက်အခဲကြောင့် RFA အနေနဲ့ ဒေသခံတွေဆီ တိုက်ရိုက်ဆက်သွယ်လို့မရခဲ့ပါဘူး။

အခုလက်ရှိ လဟယ်မြို့မှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေသလို တောင်ကျရေကြောင့် ချောင်းကူးတံတားတွေပါ ပျက်စီးသွားတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးလည်း ပြတ်တောက်နေပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်နဲ့ လဟယ်မြို့အုပ်ချုပ်ရေးအဖွဲ့ရုံးထံ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေကြပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။