သိမ်းဆည်းခံ လယ်မြေဧက ၈၀ လျော်ကြေး ကျပ်သန်း ၁၂၀ ရရှိ


2016.07.04

ကြံခင်း-ပခုက္ကူ  ရထားလမ်း တည်ဆောက်ရာမှာ သိမ်းဆည်းခံထားရတဲ့ မကွေးတိုင်း၊ မင်းလှမြို့နယ်က လယ်ယာမြေ ဧက ၈၀ နီးပါးအတွက် လျော်ကြေးငွေကျပ် သန်းပေါင်း ၁၂၀ ကျော်ကို မြန်မာ့မီးရထားက ဒေသခံတောင်သူတွေ ထံ ပေးအပ်လိုက်ပါတယ်။

လျော်ကြေးငွေပေးအပ်ပွဲကို မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ဒီနေ့ ကျင်းပခဲ့ပြီး တောင်သူ ၁၀၀ နီးပါး ပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၈၀ အတွက် လျော်ကြေးငွေတွေ ပေးအပ်ခဲ့တာဖြစ်တယ်လို့ မကွေးတိုင်း လွှတ်တော် စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဦးနေမျိုးကျော် က ပြောပါတယ်။

"ကြံခင်း-ပခုက္ကူ  ရထားလမ်းအပိုင်းမှာ မင်းလှမြို့နယ်ကို ဖြတ်သွားတဲ့ ရထားလမ်းအပိုင်းမှာ နစ်နာခဲ့တဲ့သူတွေနဲ့ ပတ်သက်ပြီးတော့ မင်းလှမြို့နယ် အထွေထွေဦးစီးဌာနရဲ့ ထွေအုပ်ရုံးခန်းမမှာ လုပ်တာဖြစ်တယ်ဗျ၊ အဓိက က မြန်မာ့မီးရထားဘက်က တာဝန်ယူပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး အပါအဝင်ပေါ့ ဌာနာဆိုင်ရာ အားလုံး အရှေ့မှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တွေရှေ့မှာပဲ လျော်ကြေးရရှိမယ့် တောင်သူတွေအားလုံးကိုဖိတ်ပြီးတော့ လျော်ကြေးပေး ဖို့ ကျန်ရှိနေတဲ့တောင်သူ တောင်သူ ၉၄ ဦးရဲ့ ၇၇.၉၂ ဧကအတွက် နောက်ဆုံးတတိယအကြိမ်အဖြစ် ငွေကျပ် ၁၂၆.၈ သန်း ပေးချေပါတယ်"


လယ်မြေ ၁ ဧကကို ကျပ် ၁၆ သိန်း နဲ့ ယာမြေ ၁ ဧကကို ကျပ် ၁၄ သိန်းနှုန်း ပေးလျော်တာဖြစ်ပြီး အရင်က တောင် သူ ၄၉ ဦးကို လျော်ကြေးငွေ ၈၅ သန်းကျော် ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီတစ်ကြိမ်ဟာ ကျန်နေတဲ့ တောင်သူတွေ အတွက် အပြီးသတ်လျော်ကြေးပေးတာလည်း ဖြစ်ပါတယ်။

ကြံခင်း-ပခုက္ကူ  ရထားလမ်းဖောက်လုပ်ရာမှာ ပခုက္ကူ၊ ဆိပ်ဖြူ၊ မင်းဘူး၊ ဆင်ပေါင်ဝဲ၊ မင်းလှ၊ ပွင့်ဖြူ၊ စလင်း၊ သရက် နဲ့ ကံမ စတဲ့ မကွေးတိုင်း မြို့နယ် ၉ မြို့နယ်က လယ်ယာမြေတွေ သိမ်းဆည်းခံခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီထဲက ဆိပ်ဖြူ၊ ပွင့်ဖြူ နဲ့ မင်းလှမြို့နယ်တွေမှာတော့ လယ်ယာမြေ လျော်ကြေးငွေအားလုံး ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

ကျန်ရှိနေတဲ့ မြို့နယ်တွေထဲမှာ လျော်ကြေးငွေတချို့တဝက် ပေးပြီးတာရှိသလို လုံးဝမပေးရသေးတာတွေ လည်းရှိတဲ့အတွက် ဆက်လက်ပြီးလျော်ကြေးပေးအပ်သွားဖို့ စီစဉ်နေတယ်လို့လည်း ဦးနေမျိုးကျော် က ပြောပါတယ်။

ကြံခင်း-ပခုက္ကူ  ရထားလမ်းစီမံကိန်းကို ၂၀၀၅ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ တည်ဆောက်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက် ပိုင်းမှာ သရက်-မင်းဘူးလမ်းပိုင်း နဲ့ ဆိပ်ဖြူ-ပခုက္ကူ လမ်းပိုင်းတွေသာ ပုံမှန်ပြေးဆွဲနေပြီး မင်းဘူး-ဆိပ်ဖြူ လမ်းပိုင်း ကတော့ လက်ရှိအချိန်ထိ ပြေးဆွဲနိုင်ခြင်း မရှိသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။