ဝ ဒေသက လားဟူ နှစ်ခြင်းဘုရားကျောင်း အားလုံး ပြန်ဖွင့်ခွင့်ရ

ဝေယံမိုးမြင့်
2019.12.17
wa-church-622 ဝဒေသ ပန်ဆန်းမြို့လယ်က ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းကို တွေ့ရစဉ်
Photo: Kan Thar/RFA

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲက ဟိုတောင်း၊ မိုင်းပေါက်နဲ့ ပန်ဆန်း မြို့နယ်တွေမှာ လားဟူလူမျိုးတွေ အများဆုံးနေထိုင်တာဖြစ်ပြီး ဘုရားကျောင်း ၅၂ ကျောင်းကို ပြန်ဖွင့်ခွင့်ပြုလိုက်တာ ဖြစ်တယ်လို့ လားဟူနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဆရာတော် ဒေါက်တာ လာဇရုက မိန့်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ လောက်ကတည်းက နည်းနည်းချင်းစီ ပြန်လည်ဖွင့်လှစ် ခွင့်ပြုခဲ့တာဖြစ်ပြီး ဒီလ ပထမပတ်မှာ အပြီးဖွင့်ခွင့် ရခဲ့တာဖြစ်ပါတယ်။

ဟိုတောင်းမြို့ ကျမ်းစာကျောင်းကတော့ ပြန်ဖွင့်ခွင့် မရသေးတာကြောင့် အမြန်ဆုံး ဖွင့်ခွင့်ပြုမယ်လို့ ဒေါက်တာ လာဇရုက မျှော်လင့်နေပါတယ်။

“ပြီးခဲ့တဲ့ တစ်ပတ်နှစ်ပတ်က အားလုံးဖွင့်ပေးပြီးပြီ မဖွင့်ပေးသေးတာက ကျမ်းစာကျောင်း တစ်ခု ကျန်သေးတယ်။ ကျမ်းစာကျောင်းက ဟိုတောင်းမှာ ရှိတယ်။ ဘာကြောင့်မဖွင့်ပေးတာလဲဆိုတာ ကျွန်တော်တို့ကိုဘာမှ မပြောတော့ မသိရဘူး။ ဘာမှ သဘောတူညီချက်မရှိဘူး သူတို့ တဖြည်းဖြည်း ဖွင့်ပေးရင်း အခုကုန်သလောက်ရှိပြီ ဖွင့်ပေးတယ်။ ကျမ်းစာကျောင်းလဲ ဆက်လက်ဖွင့်ပေးဖို့ တောင်းခံပါတယ်။”

၂၀၁၈ ခုနှစ် စက်တင်ဘာလ ကစပြီး "ဝ" ဒေသတွင်းက ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေကို ပိတ်သိမ်းပြီး ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေကို အဲဒီဒေသကနေ ထွက်ခွာစေခဲ့တာဖြစ်ပါတယ်။

အဲဒီဒေသဟာ အစိုးရရဲ့ အာဏာသက်ရောက်မှု ရှိမနေဘဲ တပ်မတော်ပြီးရင် အင်အားအကြီးဆုံး  လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဝ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ UWSA က အုပ်ချုပ်နေတာပါ။

UWSA တပ်ဖွဲ့ရဲ့ လားရှိုးဆက်ဆံရေး ရုံးတာဝန်ခံ ဦးညီရမ်းက ဘယ်နှစ်ကျောင်း ဖွင့်ခွင့်ပြု လိုက်တယ်ဆိုတဲ့ စာရင်းအသေးစိတ်ကို မပြောနိုင်ပေမယ့် သူတို့အနေနဲ့ စိစစ်ပြီး ပြန်ဖွင့်ခွင့် ပေးနေတယ်လို့ ပြောပါတယ်။

“အတိအကျတော့ မသိရဘူး တစ်ချို့တော့ ဖွင့်နေကြပါပြီ။ စီစစ်မှုတွေလုပ်ပြီး ဖွင့်ပေးနေပါတယ်။ စီစစ်မှုတွေ လုပ်ပြီးရင်တော့ ဖွင့်ခွင့်ပြုသွားဖို့တွေလည်း ရှိနေပါတယ်။”

UWSA ဘက်ကတော့ အိမ်ခြေ ၂၀၊ ၃၀ လောက် ရှိတဲ့ ရွာတွေမှာလည်း ဘုရားကျောင်း နှစ်ကျောင်း၊ သုံးကျောင်း ဖြစ်နေတာတွေ့ရှိပြီး မလိုအပ်တဲ့အတွက် ပိတ်ခဲ့တာလို့ ပြောထားပါတယ်။

ပိတ်သိမ်းခံရတဲ့ ခရစ်ယာန်ကျောင်းတွေထဲမှာ  ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းတွေနဲ့ ကက်သလစ် ခရစ်ယာန် ကျောင်းတွေလည်း ပါဝင်ပါတယ်။

မိုင်းမော့၊ ဝင်းခေါင်နဲ့ ပန်ဝိုင်မြို့နယ်တွေမှာ ကက်သလစ်ဘုန်းတော်ကြီးတွေ နေထိုင်တဲ့ ကျောင်း ၄ ကျောင်းရှိပြီး အခုချိန်ထိ ပြန်လည်ဖွင့်လှစ်ခွင့် မရသေးဘူးလို့ လားရှိုးမြို့ ကက်သလစ် သာသနာပိုင် ဆရာတော် ဖီးလစ်က မိန့်ပါတယ်။

“အခုက ကျွန်တော်တို့လဲ ဟိုဘက်ကို မသွားဖြစ် သွားဖို့ရာအတွက်လည်း သူတို့ဘက်က ဘာမှ ကမ်းလှမ်းလာတာ အကြောင်းကြားတာမရှိ နောက်နဂိုနေခဲ့တဲ့ ဘုန်းကြီး သီလရှင်ကျောင်းတွေကိုလည်း ဝ ဘက်က အသုံးပြုနေတာတွေရှိတယ်လို့ ကျွန်တော်တို့ ကြားတယ်။”


UWSA ဒေသထဲမှာ ကက်သလစ်သာသနာအနေနဲ့ ဘုရားရှိခိုးကျောင်းတွေမရှိဘဲ ဘုန်းတော်ကြီး  သီတင်းသုံး နေထိုင်တဲ့ ကျောင်းတွေပဲရှိတယ်လို့ ကက်သလစ်ဆရာတော် ဖာသာစိုးနိုင်က မိန့်ပါတယ်။

ကက်သလစ်ကျောင်းတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက ပုံစံပြောင်းလဲ အသုံးပြုနေပြီလို့ သိရကြောင်း ကက်သလစ်ဆရာတော် ဖာသာစိုးနိုင်က ပြောပါတယ်။

“ဘာမှမကြားဘူး မကြားတဲ့အပြင် ကျွန်တော်တို့ကျောင်းတွေကို ပုံစံတွေပြုပြင်ပြီး သူတို့ အဆောင်တွေ သူတို့လိုချင်သလို လုပ်ယူလိုက်ပြီလို့ကြားတယ် သူတို့ပြန်ပေးရင်တောင် ဘယ်လိုပုံစံပေးမလဲ မသိဘူး။ ကျွန်တော်တို့ကျောင်းတွေက မိုင်းမော့မှာ ကျောင်းတစ်ကျောင်းရှိတယ်။ ဝင်းခေါင်မှာရှိတယ် ဒီကျောင်းတွေကို သူတို့အသုံးပြုနေပြီလို့ ကြားတယ်။ ကြားတာတော့ ဝင်းခေါင်ကို ရဲစခန်းလိုလို ဘာလိုလို လုပ်လိုက်ပြီလို့ ကြားတယ် စစ်တပ်စခန်းလား ဘာလားတော့မသိဘူး လုပ်လိုက်တယ်။ မိုင်းမောကိုလည်း မြေတွေ ထိုးချလိုက်ပြီလို့ ကြားတယ် ဘယ်လိုပုံစံလုပ်မလဲတော့ မသိဘူး အဲလိုအနေအထားရှိတယ် ပြောတယ်။”


UWSA လားရှိုး ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက အဲဒီကိစ္စအပေါ် သူ့အနေနဲ့ မသိရသေးကြောင်းနဲ့ UWSA ဗဟိုကော်မတီ ၆ လပတ် အနှစ်ချုပ်အစည်းအဝေးမှာ သိနိုင်လိမ့်မယ်လို့ ပြောပါတယ်။

ပိတ်သိမ်းခံရတဲ့အထဲပါဝင်တဲ့ ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းတွေနဲ့ ပတ်သက်ပြီး ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC တာဝန်ရှိသူတွေကို RFA က ဒီကနေ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပြန်လည်ဖြေကြားတာ မရှိပါဘူး။

"ဝ" ဒေသတွင်း နေထိုင်သူတွေထဲမှာ နတ်ကိုးကွယ်သူ အများစုဖြစ်ပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်ကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

UWSA အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူ အတော်များများဟာ နတ်ကိုးကွယ်ယုံကြည်ကြ သူတွေဖြစ်ပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။