အလုပ်သမား ဥပဒေ လေးရပ် လွှတ်တော်က ပြင်ဆင်ပေးမည်


2016.06.12
amyothar-hluttaw-feb3-620.jpg အမျိုးသားလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
Photo: NLD Chairperson

လက်ရှိကျင့်သုံးနေတဲ့ အလုပ်သမားအရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေထဲက လေးခုကို လွှတ်တော်မှာ ပြင်ဆင်ပေးဖို့ လုပ်ဆောင်နေကြောင်း အမျိုးသား လွှတ်တော်ရဲ့ ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီက ပြောပါတယ်။

ကော်မတီအနေနဲ့ အလုပ်သမားဆိုင်ရာ ဥပဒေတွေ အကုန်လုံးကို ပြန်လည်ဆန်းစစ်နေပြီး အဲဒီထဲကမှ လေးခုကို အရင်ဆုံးပြင်ဆင်ဖို့ လာမယ့်သုံးလအတွင်း လွှတ်တော်ကိုတင်ပြသွားမယ်လို့ ကော်မတီ ဥက္ကဌ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းက ပြောပါတယ်။

"ဒီ သုံးလေးလအတွင်းတော့ ဥပဒေ ၄ ခုပေါ့ အဲ့ဒါကိုအရင်ပြင်မယ်၊ ကော်မတီအနေနဲ့ကတော့ ကျနော်တို့ လောလောဆယ် အဓိကတာဝန်ကတော့ အဲ့ဒီဥပဒေပြုရေးတာဝန်တော့ ရှိထားပြီးသား ဥပဒေတွေကို လက်ရှိအသုံးဝင် မဝင်ပေါ့နော်၊ နောက် အလုပ်သမားပြဿနာတွေ ဖြစ်နေတာတွေက ဥပဒေကြောင့်လား၊ လူကြောင့်လား၊ မူကြောင့်လားပေါ့၊ ကိုင်တွယ်တဲ့ လူတွေကြောင့်လား၊ ဥပဒေမှာပါဝင်တဲ့ အလုပ်ရှင် အလုပ်သမားတွေ HR မန်နေဂျာတွေ သူတို့ကြောင့်လား၊ အဲ့ဒီဟာတွေ ကျနော်တို့ သုံးသပ်နေပါတယ်"

အခုလိုပြင်ဆင်ဖို့အတွက် သူရဦးရွှေမန်း ဦးဆောင်တဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့လာ ဆန်း စစ်ရေးကော်မရှင်ကနေ လွှဲပေးလိုက်တာဖြစ်ပြီး အဲဒီဥပဒေလေးခုကိုတော့ လက်ရှိအချိန်မှာ မပြောနိုင် သေးဘူးလို့ ပြောပါတယ်။

ဒါပေမယ့် အလုပ်သမားရေး ဆောင်ရွက်သူတွေကတော့ ပြင်ဆင်မယ့် ဥပဒေတွေထဲမှာ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးဥပဒေနဲ့ အလုပ်သမား အဖွဲ့အစည်းဥပဒေစတဲ့ဥပဒေတွေ ပါဝင်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

လက်ရှိမှာတော့ အလုပ်သမားအရေးနဲ့ပတ်သက်တဲ့ဥပဒေတွေအဖြစ် အနည်းဆုံးအခကြေးငွေဥပဒေ၊ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ လူမှုဖူလုံ ရေးဥပဒေ၊ အခကြေးငွေပေးချေရေးဥပဒေ၊ ၂၀၁၆ ခုနှစ် ဆိုင်များနဲ့ အလုပ်ဌာနများဥပဒေ၊ အလုပ် အကိုင်နဲ့ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ အစရှိတဲ့ ဥပဒေတွေကို ကျင့်သုံးနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။