အလုပ်သမား အဖွဲ့အစည်း ဆိုင်ရာ ဥပဒေ အတည်ပြု
2011.09.29

AFP
အစိုးရအသစ် လက်ထက်မှာ ပထမဆုံးအကြိမ် အလုပ်သမားအဖွဲ့အစည်း ဆိုင်ရာ ဥပဒေကို ပြင်ဆင်ချက် အနည်းငယ်နဲ့ လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုပေးခဲ့ကြောင်း၊ ဒါကြောင့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးသကဲ့သို့ ဖြစ်ကြောင်း အမျိုးသား လွှတ်တော် အမတ် တစ်ဦးဖြစ်သူ
ဒေါက်တာ အေးမောင်က ပြောပါတယ်။
အာအက်ဖ်အေက ဖတ်ရှုခွင့်ရတဲ့ အလုပ်သမား အဖွဲ့အစည်း ဆိုင်ရာ ဥပဒေမူကြမ်းမှာ တွေ့ရှိရတဲ့ အချက်တစ်ချို့ကတော့ အခြေခံ အလုပ်သမားအဖွဲ့အစည်းတွေကို အလုပ်သမား ဦးရေ ၃၀ ထက်မနည်းရှိတဲ့ အရေအတွက်နဲ့ဖွဲ့စည်းရမယ်လို့ပါရှိပါတယ်။ တကယ်လို့ ၃၀ မပြည့်ဘူးဆိုရင်
တခြားလုပ်ငန်းတူ လုပ်ငန်းတွေက အလုပ်သမားတွေနဲ့ပူးပေါင်းဖွဲ့စည်းနိုင်တယ်လို့ဆိုပါတယ်။ အခြေခံ အလုပ်သမားအဖွဲ့အစည်း အပြင် မြို့နယ် နဲ့ပြည်နယ် တိုင်းဒေသကြီး ဆိုင်ရာ အလုပ်သမား အဖွဲ့တွေလည်း ရှိမယ်လို့ဆိုပါတယ်။
အလုပ်သမားအဖွဲ့အစည်းတွေဟာ မြို့နယ် မှတ်ပုံတင်ခြင်း
ဆိုင်ရာ အရာရှိ ကနေ တဆင့် မှတ်ပုံတင် အရာရှိချုပ်ထံ ဆက်လက် တင်ပြပြီး မှတ်ပုံတင်ကြရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အလုပ်ခွင် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး သပိတ်မှောက်ခွင့်လည်း ထည့်သွင်း ဖေါ်ပြထား ပါတယ်။ ဒါပေမယ့် အလုပ်ရှင်ထံ ကြိုတင် အကြောင်းကြားရမှာ ဖြစ်သလို သက်ဆိုင်ရာ အာဏာပိုင် တွေထံ သပိတ်မှောက်မည် ဖြစ်ကြောင်း နှစ်ပတ် ကြိုတင်အကြောင်း ကြားရမယ်လို့ပါရှိပါတယ်။
ဒါ့အပြင် နိုင်ငံတကာ အလုပ်သမား အဖွဲ့တွေနဲ့လည်း ဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်ခွင့်တွေလည်း ဖေါ်ပြထားသလို အလုပ်ရှင်က အလုပ်သမား တစ်ဦးကို မတရား အလုပ်ထုတ်ခဲ့ရင် အလုပ်သမား အဖွဲ့အစည်းက အကာအကွယ် ပေးခွင့်တွေလည်း ရှိတယ်လို့ ဥပဒေ မူကြမ်းမှာ ဖေါ်ပြထားပါတယ်။
မနေ့က အတည်ပြုလိုက်တဲ့ အလုပ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပဒေ နဲ့ပတ်သက်ပြီး ပြည်ပ အခြေစိုက် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FTUB က ကြိုဆိုလိုက်ပါတယ်။
FTUB အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် ကို ဦးဝင်းနိုင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |