စစ်ကောင်စီထံ လက်နက်ချခဲ့တဲ့လူငယ် စစ်ကောင်စီတပ်က ‌‌ပြန်‌ခေါ်စစ်ဆေးချိန် သေဆုံး

RFA Burmese
2023.10.30
စစ်ကောင်စီထံ လက်နက်ချခဲ့တဲ့လူငယ် စစ်ကောင်စီတပ်က ‌‌ပြန်‌ခေါ်စစ်ဆေးချိန် သေဆုံး လက်နက်ချသည့် PDF များကို ပုသိမ် နတခဝန်းတွင် ဂုဏ်ပြုလက်မှတ်နှင့် ထောက်ပံ့ကြေးချီးမြှင့်နေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က တွေ့ရစဉ်။
Myanmar Military

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်က အသက် နှစ်ဆယ်အရွယ် လူငယ်တစ်ဦးဟာ စစ်ကောင်စီထံ လက်နက်ချပြီးနောက်ပိုင်း မန္တလေး PDF နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျုံပျော်မြို့ ခလရ - ၃၆ တပ်ရင်းမှာ ခေါ်ယူစစ်ဆေးချိန် သေဆုံးသွားတယ်လို့ ဧရာဝတီတိုင်း တော်လှန်ရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

‌ခေါ်ယူစစ်ဆေးခံရတဲ့ အောက်တိုဘာလ ၁၉ ရက်နဲ့ ၂၀ ရက်အတွင်းမှာတင် သေဆုံးသွားတာဖြစ်ပြီး သေဆုံးသူနဲ့ပတ်သက်တဲ့ အချက်အလက် အသေးစိတ်ကိုတော့ မသိရနိုင်သေးဘူးလို့ ဆိုပါတယ်။

ကျုံပျော်မြို့နယ်က လက်ရှိ သေဆုံးသူနဲ့ ငသိုင်းချောင်းမြို့က သုံးဦးတို့ကို PDF ကနေ အလင်းဝင်တယ်ဆိုပြီး အောက်တိုဘာလ ၅ ရက်နေ့က ပုသိမ်မြို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှာ ဂုဏ်ပြုအခမ်းအနားနဲ့ ကြိုဆိုခဲ့ပြီး ထောက်ပံ့ကြေးအဖြစ် ကျပ်ငွေသုံးသိန်းပါ ပေးခဲ့တာပါ။

အဲဒီနောက်ပိုင်း ကျုံပျော်မြို့နယ်က တစ်ဦးနဲ့ ငသိုင်းချောင်းမြို့က တစ်ဦးကို PDF နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ခေါ်ယူစစ်ဆေးချိန် တစ်ဦး သေဆုံးသွားတာလို့ တော်လှန်ရေး အသိုင်းအဝိုင်းနဲ့နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"ငသိုင်းချောင်းက တစ်ဦးနဲ့ ကျုံပျော်က တစ်ဦးပေါ့နော်။ ကျွန်တော်တို့ အလင်းဝင်တယ်။ တောင်ပေါ် နတခဝန်းမှာ သူတို့ကို ဂုဏ်ပြုပွဲ လုပ်ပေးတယ်။ နောက်ပြီး နေအိမ် အကျယ်ချုပ်နဲ့ နေရတယ်။ အဲဒီအချိန်မှာ ကျုံပျော်က အလင်းဝင်တဲ့ အမျိုးသားတစ်ဦးကို မန္တလေး PDF နဲ့ ဆက်သွယ်မှုရှိတယ်ဆိုပြီး ကျွန်တော်တို့ ဒီကျုံပျော်တပ်ကပေါ့နော်။ အဲဒီတပ်က ပြန်လည်ခေါ်ယူပြီး စစ်ဆေးရင်းနဲ့မှ လက်လွန်ပြီးတော့ တပ်တွင်းကပဲ တိုက်ရိုက်ပေါ့နော်။ မီးသင်္ဂြိုလ်ခဲ့တယ်လို့ ကြားသိရတယ်"

လက်ရှိ ဧရာဝတီတိုင်းအတွင်းမှာ အလင်းဝင်တယ်ဆိုသူတွေဟာ PDF တွေ မဟုတ်ကြဘဲ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြရာကနေ အဖမ်းခံရမှာ စိုးရိမ်တာကြောင့် တော်လှန်ရေး အင်အားစုတွေဆီမှာ ခိုလှုံနေခဲ့ကြသူတွေ များတယ်လို့ တော်လှန်ရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဲဒီလူတွေဟာ အလင်းမဝင်ခင် ရဲစခန်းရဲ့ စစ်ဆေးမှု အဆင့်ဆင့်ကိုခံရပြီး အလင်းဝင်ပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီ တပ်သားတွေရဲ့ ခေါ်ယူစစ်ဆေးခံရတာကြောင့် အခုလို သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒီသေဆုံးမှုအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းကိုင်ဖြေကြားခြင်း မရှိပါဘူး။

ကျုံပျော်မြို့နယ်က လူငယ်တစ်ဦး အလင်းဝင်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေ ခေါ်ယူစစ်ဆေးခံရတာကြောင့် သေဆုံးသွားတာမှန်တယ်လို့ တော်လှန်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ နောက်ထပ် ဒေသခံတစ်ဦးက RFA ကို တည်ပြုပါတယ်။

ဧရာဝတီတိုင်းမှာ လူနှစ်ဆယ်ဝန်းကျင် အလင်းဝင်ခဲ့တာရှိသလို ပုသိမ်မြို့မှာလည်း PDF တွေ အလင်းဝင်တယ်ဆိုပြီး စစ်ကောင်စီတပ်ဘက်က ဂုဏ်ပြု အခမ်းအနားတွေနဲ့ ကြိုဆိုခဲ့တယ်လို့ တော်လှန်ရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2023-10-30 22:44

These people never learn.