ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ကုလစာချုပ် လက်မှတ်မထိုးခဲ့ကြောင်း ဝန်ကြီးပြော
2019.09.16

ရွှေ့ပြောင်းနေထိုင်မှုနဲ့ ပတ်သက်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် GCM ကို မြန်မာနိုင်ငံအနေနဲ့ သဘောတူကြောင်း မဲပေးခဲ့တာသာဖြစ်ပြီး လက်မှတ်ရေးထိုးခဲ့ခြင်းမရှိကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။
ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းက GCM ကို အစိုးရအနေနဲ့ ဘာကြောင့် လက်မှတ် ရေးထိုးခဲ့တာလည်းဆိုတဲ့ကိစ္စကို မေးမြန်းရာမှာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြန်လည် ရှင်းလင်းခဲ့တာဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ GCM သဘောတူညီချက်အပေါ် မြန်မာနိုင်ငံအနေနဲ့ သဘောတူကြောင်း မဲပေးခဲ့တာဟာ GCM မှာ ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းသွားလာမှု လျော့ချနိုင်ရေးနဲ့ ပတ်သက်တဲ့ မူဘောင်ပြဌာန်းချက်တွေ ပါဝင်နေတာဖြစ်လို့ လူကုန်ကူးမှု၊ နိုင်ငံဖြတ်ကျော်မှုခင်းတွေနဲ့ တရားမဝင် ရွှေ့ပြောင်းကိစ္စတွေ ဖြေရှင်းရာမှာ အထောက်အကူပြုနိုင်မှာဖြစ်တယ်လို့ ဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။
ဒါ့အပြင် နယ်စပ်ရေးရာစီမံခန့်ခွဲခြင်း၊ အိမ်နီးခြင်းနိုင်ငံတွေနဲ့ နှစ်နိုင်ငံနယ်စပ်ဆိုင်ရာ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးတာ၊ အလုပ်သမားနဲ့ စီးပွားရေးဆိုင်ရာမူဝါဒတွေ ရေးဆွဲအကောင်အထည်ဖော်တာ စတာတွေက ရွှေ့ပြောင်းနေထိုင်မှုနဲ့ ဆက်စပ်နေတဲ့ မူဝါဒတွေဖြစ်လို့ မြန်မာနိုင်ငံအနေနဲ့ အဲဒီအရေးကိစ္စတွေမှာ ကုလသမဂ္ဂ နိုင်ငံတကာ ဒေသတွင်းအဖွဲ့အစည်းတွေရဲ့ အကူအညီတွေနဲ့ အပြုသဘော ပူးပေါင်းဆောင်ရွက်ခွင့်ရမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။
မေးခွန်းမေးမြန်းခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းက အများပြည်သူ အထင်မြင်လွဲနေတာကို ရှင်းရှင်းလင်းလင်းဖြစ်စေချင်တာကြောင့် မေးခဲ့တာဖြစ်ကြောင်း ဒီနေ့ အစည်းအဝေးအပြီးမှာ သတင်းမီဒီယာတွေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက မော်ရိုကိုနိုင်ငံ မာရကတ်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးမှာ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေနဲ့ပတ်သက်တဲ့ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် GCM အပေါ် သဘောတူ၊ မတူ မဲခွဲရာမှာ မြန်မာနိုင်ငံအပါအဝင် စုစုပေါင်း ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၁၅၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ကြတာဖြစ်ပါတယ်။
(RFA သတင်းထောက် မသက်စုအောင် ပေးပို့သည်)