ကျောက်တော် တိုက်ပွဲမှာ အရပ်သား နှစ်ယောက် ဒဏ်ရာရ
2019.09.30

မနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် ကျောက်တော်မြို့ အစပ် မီးဝကျေးရွာနားမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
မီးဝကျေးရွာထဲကို လက်နက်ကြီး လက်နက်ငယ်ကျည်တွေ ကျရောက်ပြီး အိမ်ထဲမှာနေနေတဲ့ အရပ်သား နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အသက် ၆၃ နှစ်အရွယ် ဦးသာထွန်းဆိုသူဟာ ညာဘက် ခါးနေရာမှာ နှစ်ချက်၊ ပါးပြင်နားမှာ တစ်ချက် ကျည်ထိမှန်ထားလို့ ကျောက်တော်ဆေးရုံကို ပို့ခဲ့ရပါတယ်။ ဒဏ်ရာပြင်းထန်လို့ စစ်တွေဆေးရုံကြီးကို ထပ်ပို့လိုက်ရတယ်လို့ ဖြူစင်မေတ္တာ ပရဟိတအဖွဲ့ဥက္ကဋ္ဌ ဦးညီပုက RFA ကို ပြောပါတယ်။
အဲ့ဒီမီးဝကျေးရွာဟာ ရခိုင်ပြည်နယ် ကျောက်တော်မြို့အစပ် ချင်းပြည်နယ် ပလက်ဝမြို့နားမှာရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒဏ်ရာရသူ နောက်တစ်ယောက်ကတော့ အသက် ၂၂ နှစ်အရွယ် ကိုနိုင်လင်းထွန်း ဆိုသူဖြစ်ပြီး ဦးခေါင်းကို ကျည် ရှပ်ထိသွားတာလို့ ပြောကြပါတယ်။ သူ့ကို မနေ့က ဆေးရုံသွားပို့ဖို့ လမ်းပန်းဆက်သွယ်ရေး အခက်ခဲရှိတာကြောင့် ဒီနေ့မှ ကျောက်တော်ဆေးရုံကို ပို့ထားတယ်လို့ ဦးညီပုက ပြောပါတယ်။
သူတို့က သွားလို့ရပြီဆိုမှသွားတဲ့အခါ လမ်းခရီးတွေမှာ ကြန့်ကြာမှုတွေ အများကြီးဖြစ်နေပါတယ်
"ကျနော်တို့က အဲဒီလမ်းကို ဖြစ်နေပြီဆိုရင် ကားနဲ့သွားလို့ မရတော့ဘူး။ ရေလမ်းကနေလည်း သွားခွင့်ပြုမှ သွားလို့ ရတာပါ။ သွားခွင့်မပြုဘူး။ သူတို့က အခြေအနေ မကောင်းသေးဘူး ဆိုရင် လာလို့မရပါဘူး။ သူတို့က သွားလို့ ရပြီ ဆိုမှသွားတဲ့အခါ လမ်းခရီးတွေမှာ ကြန့်ကြာမှုတွေ အများကြီးဖြစ်နေပါတယ်။ ကျနော်တို့က သွားရင် ကြာဦးမှာမို့ သူတို့က စက်လှေနဲ့ ဆင်းလာတာပါ"
ကိုနိုင်လင်းထွန်းရဲ့ ဦးခေါင်းကို ဓာတ်မှန်ရိုက်ထားပြီး အခုချိန်မှာတော့ စကားပြောနိုင်တဲ့ အခြေအနေမရှိသေးတဲ့အကြောင်း၊ ကိုနိုင်လင်းထွန်းက သူရဲ့အဖေနဲ့အတူ ဆောင်းသီးနှံစိုက်ခင်း ထွန်နေတုန်းမှာ ပစ်ခတ်သံတွေကြားလို့ ပုန်းအောင်းနေချိန်မှာ ကျည်ထိမှန်သွားတာလို့ သူ့ရဲ့ အဒေါ်ဖြစ်သူ ဒေါ်မသန်းနွေ့က ပြောပါတယ်။
"သူ့အဖေနဲ့ နှမ်းခင်းထွန်နေတုန်းမှာ ကျဉ်နဲ့ပစ်တာလေ။ နေလင်းစိုးကတော့ ငုတ်တုတ်ငုံ့ရလို့ ပုန်းခဲ့တယ်တဲ့။ သူ့ကိုပဲ အများကြီး ပစ်တယ်လို့ပြောတယ်။ အဲဒီအချိန်မှာ သူက ပြီးပြီထင်လို့ နည်းနည်းလောက် မြှင့်ကြည့်လိုက်တာနဲ့ ခေါင်းကို ထိသွားတာ။ ကျမတူလေးက စကားပြောရင် နာတယ်ဆိုပြီး ကျမကိုလည်း ပြောပါတယ်။ မိသားစုကိုလည်း ပြောပါတယ်။ ဒါဆိုရင် ဆေးရုံကို သွားရမယ်ဆိုပြီး ဒီနေ့မှပါ။ ကျမတို့ရွာက ကျောက်တော်မြို့မှာ အဝေးဆုံးနေရာပါ။ မီးဝဆိုတာ ကျောက်တော်မြို့ အဆုံးပါပဲရှင်"
တိုက်ပွဲအတွင်း ပစ်ခတ်မှုတွေကြောင့် အိမ် ၁၅ လုံး အမိုး၊ အကာတွေ ပျက်စီးကြပြီး နွားတချို့လည်း သေဆုံးတာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒေသအခြေစိုက် သတင်းမီဒီယာတချို့မှာတော့ ဒဏ်ရာရရှိသူ သုံးယောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်ကို ရိက္ခာလာပို့တဲ့လမ်းကြောင်းကို AA က လာပစ်တာကြောင့် တိုက်ပွဲဖြစ်ပွားတာလို့ ပြောပါတယ်။
"ပလက်ဝဘက်ကို ရိက္ခာသွားပို့နေတဲ့ ကျနော်တို့တပ်ကို နှောက်ယှက်ပစ်ခတ်တာတော့ ရှိတယ်။ ကျနော်တို့ဆီက ပြန်ပစ်ခတ်တာလည်းရှိတယ်။ ကျနော်သိရသလောက်က အဲဒီဘက်မှာ ရွာလည်းမရှိပါဘူး။ အရပ်သား ထိခိုက်တာလည်း မရှိပါဘူး။ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာလည်းမရှိဘူး။ အပြန်လှန်ပစ်တာတော့ရှိပါတယ်"
ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခကတော့ အခုလိုပြောပါတယ်။
"မြန်မာစစ်တပ်ကနေ သင်္ဘောသုံးစင်း တက်လာတယ်။ တက်လာတော့ ပြိုင်းတိုင်းနဲ့ မီးဝရွာသစ်ကြားပေါ့ ။ သူတု့ိ ရမ်းသမ်းပစ်ခတ်တာမို့လို့ ရွာသားတွေ ထိခိုက်တာလည်းရှိတယ်။ သူတို့က အဲဒီလိုပစ်လို့ ကျနော်တို့ဘက်ကလည်း ၁၀ မိနစ်လောက် ပြန်ပစ်တာရှိတယ်။ အဲဒီနောက်ပိုင်းမှာ ဗမာစစ်တပ်ကတော့ ကုလားတန်မြစ်ကြောင်း တစ်လျှောက်က ရွာတွေကိုတော့ လက်နက်ကြီး လက်နက်ငယ်တွေ နဲ့ ပစ်ခတ်တာရှိတယ်"
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်ကလည်း ကျောက်တော်မြို့ သင်္ဂနက်ကျေးရွာ၊ စပါယ်လှကျေးရွာနဲ့ ကံသုံးဆင့်ကျေး ရွာမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲကြောင့် အရပ်သား တစ်ယောက် သေဆုံးပြီး ခြောက်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၈ ဒီဇင်ဘာလကနေ အခု ၂၀၁၉ စက်တင်ဘာလအထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် အရပ်သား ထိခိုက်သေဆုံးမှုဟာ လူ ၈၀ ကျော်အထိရှိနေသလို ထိခိုက်ဒဏ်ရာရ သူတွေကတော့ လူပေါင်း ၁၂၀ ကျော်လောက် အထိရှိနေပြီလို့ ရခိုင်အရပ်ဖက်အဖွဲ့တချို့က ပြောဆိုထားပါတယ်။
နေပြည်တော်မှာ ပြီးခဲ့တဲ့ စနေနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ရခိုင်ပြည်နယ်မှာ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွေရဲ့ ထောင်ထားတဲ့မိုင်းတွေကြောင့် သေဆုံးသူ ခုနှစ်ယောက်၊ ဒဏ်ရာရရှိသူ ၁၈ ယောက်ရှိကြောင်း ပြောဆိုထားပါတယ်။
ဒါ့အပြင် လုံခြုံရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေအပါအဝင် အကြမ်းဖက်သတ်ဖြတ်ခံရသူ စုစုပေါင်း ၂၅ ယောက် ရှိတယ်လို့လည်း ပြောပါတယ်။
(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)