ကျောက်ဖြူမှာ စစ်ကောင်စီက အသွားအလာကန့်သတ်

RFA Burmese
2023.11.20
ကျောက်ဖြူမှာ စစ်ကောင်စီက အသွားအလာကန့်သတ် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ တစ်နေရာကို တွေ့ရစဉ်။
RFA

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က ပင်လယ်နဲ့ မြစ်ကမ်းဘေးတစ်လျှောက်က ရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စုတွေက ဒေသခံတွေကို လက်လှေ၊ စက်လှေတွေနဲ့ သွားလာငါးဖမ်းတာတွေမလုပ်ဖို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွဏ်းက လက်မှတ်ထိုးပြီး ၂၀၂၃ နိုဝင်ဘာလ ၁၉ ရက်က အမိန့်ထုတ်ပြန်ခဲ့တာပါ။ ဒီအမိန့်ဟာ ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ အကျုံးဝင်ပြီး မလိုက်နာရင် အရေးယူခံ ရမယ်လို့ ဖော်ပြထားပါတယ်။

သစ်ပုတ်တောင်ရေတပ်စခန်းအနီး ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေကို အခုလို အသွားအလာကန့်သတ်လာတာက တိုက်ခိုက်ခံရမှာစိုးရိမ်လို့ ဖြစ်နိုင်တယ်လို့ ကျောက်ဖြူမြို့ခံ တစ်ဦးက ပြောပါတယ်။

“စစ်တပ်နဲ့နီးတဲ့ နေရာတစ်ဝိုက်ပါတယ်။ ကျွန်တော်တို့ထင်တာကတော့ ကြောက်စိတ်၊ လန့်စိတ် သူတို့ (စစ်ကောင်စီ) မှာလည်း ရှိနေကြမှာပေါ့။ ဝင်တိုက်မှာ ကြောက်လို့ရှိမှာပေါ့”

အသွားအလာကန့်သတ်ခံလိုက်ရတဲ့ မြို့ပေါ်ရပ်ကွဲတွေထဲ စေတီရပ်ကွက်၊ အစိုးရရပ်ကွက်၊ သန်ပန်ချောင်း ရပ်ကွက်၊ မြစ်နားတန်းရပ်ကွက်၊ ကုလားပိုက်ဆိပ်ရပ်ကွက်၊ ပြင်ဖြူမော်ရပ်ကွက်၊ ကညင်တောရပ်ကွက်၊ ငလပွေ့ရပ်ကွက်တွေပါဝင်ပြီး ကျေးရွာအုပ်စုတွေထဲ လိပ်ခမော်ကျေးရွာအုပ်စု၊ ဂုံးချွိန်ကျေးရွာအုပ်စု၊ စိုင်ခြုံကျေးရွာအုပ်စု၊ ကပ်သပြေကျေးရွာအုပ်စု၊ ကန္ဒီးကျေးရွာအုပ်စုတွေ ပါဝင်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား နိုဝင်ဘာလ ၁၃ ရက်ကစလို့ တိုက်ပွဲတွေပြန်လည် ဖြစ်ပွားလာတာပါ။

အဲဒီနောက် ကျောက်ဖြူမြို့ပေါ်မှာ စစ်ကောင်စီက အခုလို ကန့်သတ်မှုတွေ လုပ်လာတာပါ။

အခုလို ကန့်သတ်တာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီပြောခွင့်ရသူ ဦးလှသိန်းကို RFA က ဒီကနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ဒေသခံတွေကတော့ ကုန်းလမ်း၊ ရေလမ်းအားလုံးကို အသွားအလာ ကန့်သတ်ခံလိုက်ရတာကြောင့် အခက်အခဲ ဖြစ်နေတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။