လွှတ်တော်ကိုယ်စားလှယ်တွေက စစ်ဘေးဒုက္ခသည်တွေ ကို နေရာချထားပေး
2016.12.29

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာနားမှာ အစိုးရတပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA တပ်တွေ ဒီကနေ့အထိ တိုက်ပွဲဖြစ်တာကြောင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂ ဦးက ဒေသခံတွေကို ခေါ်ယူပြီး ကျောက်မဲမှာ နေရာချထားပေးနေပါတယ်။
လက်ရှိအချိန်မှာ ညောင်မောင်းကျေးရွာကနေ ကျောက်မဲမြို့ပေါ်ကို တိမ်းရှောင်လာသူ ၂၀၀ နီးပါးရှိနေတယ် လို့ ကျောက်မဲမြို့မှာရှိနေတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က ပြောပါတယ်။
"TNLA နဲ့ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပြီးတာပေါ့၊ တိုက်ပွဲဖြစ်ပြီးတော့ တပ်မတော်ကလည်း လေ ယာဉ်တွေနဲ့ အသုံးပြုပြီးတော့ သူတို့မိုင်းလာချသွားတယ်၊ ချသွားတော့ အိမ်တွေကိုထိတယ်၊ လူတွေကိုထိတယ်၊ ဒဏ်ရာတွေရတယ်၊ သေတဲ့ဟာလည်း သေတယ်၊ ကျနော်တို့ သွားတဲ့အချိန်တော့ တပ်မတော်နဲ့ပဲတွေ့ခဲ့ တယ်၊ ပြည်သူတွေကလည်း တော်တော်လေး ထိတ်လန့်နေတာတွေ့ခဲ့ရတယ်၊ ဒုက္ခသည်တွေက ဒီမှာရောက်နေပါပြီ၊ ၁၅ဝ ကျော် ရောက်နေပါပြီ၊ ဒီနေ့လည်း နောက်ထပ်ကား တစ်စီးပေါ့လေ ထပ်ပြီးခေါ်နေတာရှိပါတယ်၊ လောလောဆယ်မှာတော့ ဒီမတည်ငြိမ်တဲ့အချိန်အတွင်း ထဲမှာတော့ ပြန်လွှတ် ဖို့ဆိုတာလည်း သူတို့မှာစိတ်ဒဏ်ရာတွေ ရနေတဲ့အချိန်ကျတော့ ချက်ချင်းပြန် လွှတ်လို့ အဆင်ပြေမှာ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ တချိန်ကတော့ ကြောက်နေရတာကတစ်ဖွဲ့ အခုလက်တွေ့မှာတော့ တပ်မတော်ရှိတယ် သူတို့မှာက လုံခြုံမှုမရှိသလို ခံစားရတာပေါ့လေ၊ အဲ့လိုဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ သူတို့လည်း စိတ်ဒဏ်ရာတွေနဲ့အပြည့် ရှိနေတာပေါ"
ညောင်မောင်းကျေးရွာဟာ ကျောက်မဲမြို့နဲ့မိုင်ငါးဆယ်ဝန်းကျင် လောက်ကွာဝေးတာဖြစ်ပြီး လမ်းပန်းဆက် သွယ်ရေး ခက်ခဲတဲ့ကျေးရွာဖြစ်ပါတယ်။
လက်ရှိမှာ ကျောက်မဲမြို့ နမ့်စီးလင်းကျောင်းမှာ နေရာချထားပေးထားပြီး ရွာမှာကျန်ခဲ့သူတွေကိုလည်း သွားရောက်ခေါ်နေပါတယ်။
ဒီဇင်ဘာလ ၂၆ ရက်နေ့ကစပြီး အဲဒီကျေးရွာနားမှာ တပ်မတော်နဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး အဲဒီနေ့က ညောင်မောင်းကျေးရွာက အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး သံဃာ၃ ပါးနဲ့ ကျေးရွာသား စုစုပေါင်း ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။