ကျိုက်ထီးရိုးက အခန်းပိုတွေ တစ်လအတွင်း ဖျက်ရမည်


2016.06.27
thura-uaungko-620.jpg သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ဇွန်လ ၂၇ ရက်နေ့က ကျင်းပတဲ့ ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးနဲ့ ပတ်သက်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တွေ့ရစဉ်
Photo: Win Naung Toe/ RFA

ကျိုက်ထီးရိုးတောင်ပေါ်မှာ အစိုးရရဲ့ ခွင့်ပြုချက်ထက်ပိုပြီး တည်ဆောက်ထားတဲ့ ရိုးရိုးလေးကုမ္ပဏီ ရဲ့ တည်းခိုဆောင် ထဲက အခန်းတစ်ရာကျော်ကို တစ်လအတွင်း အပြီးဖျက်ပေးရမှာဖြစ်ကြောင်းနဲ့ လိုက်နာဖို့ ပျက်ကွက်ရင် လုပ်ငန်း အားလုံးကို ရပ်ဆိုင်းဖို့ ညွှန်ကြားသွားမှာဖြစ်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို က ပြောလိုက်ပါတယ်။

ဒီနေ့ နေပြည်တော် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးရုံးမှာ ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးနဲ့ ပတ်သက်တဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

"ဟိုတယ် ပြည်ထောင်စုဝန်ကြီးက စစ်ဆေးလိုက်တဲ့အချိန်မှာ ခွင့်ပြုချက်မရှိဘဲနဲ့ ကိုယ့်သဘောနဲ့ ကိုယ်ဆောက် ထားတဲ့အခန်းက ၁၀၆ ခန်းရှိတာ သွားတွေ့ရပါတယ်၊ အဲ့ ၁၀၆ ခန်းကို ဟိုတယ် ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် က ဒါကို အမြန်ပြန်လည်ဖျက်သိမ်းဖို့ ညွှန်ကြားချက်ခဲ့ပါတယ်၊ အခန်းတွေကို ဒီနေ့ကစပြီး ၁ လအတွင်း အပြီး ဖျက်သိမ်းရမယ်၊ တကယ်လို့ ပျက်ကွက်ခဲ့ရင် ဒီတောင်ပေါ်မှာရှိတဲ့ အဲ့ပုဂ္ဂိုလ်နဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေအကုန်လုံး ရပ်ဆိုင်းရမယ်"

ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ရိုးရိုးလေးကုမ္ပဏီကို တည်းခိုခန်းအတွက် အခန်း ၁၃၅ ခန်းသာ ဆောက် လုပ်ခွင့်ပြုထားတာဖြစ်ပြီး ကုမ္ပဏီက အစိုးရရဲ့ ခွင့်ပြုချက်ထက် အခန်း တစ်ရာကျော် ပိုပြီးဆောက်လုပ်ထားတာဖြစ် ပါတယ်။

ဒီနေ့ အစည်းအဝေးကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင် နဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကလည်း ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးနဲ့ ပတ်သက်တဲ့ ကိစ္စအားလုံး ကို ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မကြာခင် တာဝန်ယူပြီး ဖြေရှင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

"ကျနော် ဗုဒ္ဓဘာသာ မြန်မာလူမျိုး တစ်ယောက်ဖြစ်တဲ့အတွက် သာသနာနဲ့ ပတ်သက်တဲ့နေရာတွေကို ဖြူစင် သန့်ရှင်းချင်တယ်၊ အဲ့ဒါကြောင့် ပြတ်ပြတ်သားသား ကျနော်လုပ်မယ်၊ မလုပ်ခင်မှာ သက်ဆိုင်ရာ စီးပွားရှာစားနေ တဲ့ ပုဂ္ဂိုလ်တွေအားလုံးကို အချိန်တစ်ခုကျနော်ပေးမယ်၊ ကိုယ့်ဘာသာကိုယ် ပြင်ဆင်ပြောင်းလဲမှာလား၊ ကျနော် ကနေ စည်းမျဉ်းစည်းကမ်းဥပဒေတွေနဲ့ အရေးယူရမလားဆိုတော့ သူတို့က သူတို့ကိုယ်တိုင် ပြင်ဆင်ပြောင်း လဲပေးမယ်ဆိုတဲ့ အနေအထားပြောတယ်၊ စိတ်မပူပါနဲ့ ဒီတောင်နဲ့ပတ်သက်ပြီး အလုံးစုံ ကျနော်တာဝန်ယူ ပါတယ်"

စေတီတော်နဲ့ ပတ်သက်တဲ့ ဘုရားဂေါပကအဖွဲ့သစ် ပြန်လည်ဖွဲ့စည်းဖို့အတွက်လည်း သာသနာရေးဝန်ကြီးဌာန ၊ ပြည်နယ်အစိုးရအဖွဲ့နဲ့ ရှေ့နေချုပ်ရုံးတို့နဲ့ တိုင်ပင်ဆွေးနွေးပြီး နည်းဥပဒေတွေ ပြဌာန်းသွားမှာဖြစ်ပါတယ်။

ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးကို ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်ပါင်း ၂ သန်းကျော် လာရောက် ခဲ့ပြီး စေတီတော်မှာ ငွေကျပ် ၁ ဒဿမ ၅ ဘီလီယံ ရှိကြောင်းလည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။