ရိုးရိုးလေးဟိုတယ်ခန်းတွေကို ဖျက်ဖို့ သာသနာရေးဝန်ကြီးဌာန ထပ်မံပြော


2017.01.13
yoeyoelay-hotel-kyaikhteeyoe-620.jpg ကျိုက်ထီးရိုးက ရိုးရိုးလေးဟိုတယ်ကို တွေ့ရစဉ်
Photo: Yoe Yoe Lay Hotel Facebook

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ပရဝုဏ်အတွင်းမှာ ခွင့်ပြုချက်မရှိဘဲ ဆောက်ထားတဲ့ ရိုးရိုးလေးဟိုတယ် အခန်း ၁၀၆ ခန်းကို မူလဆုံးဖြတ်ချက်အတိုင်း ဖျက်သိမ်းဖို့ သာသနာရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ ၁၀၆ ခန်းကို ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ဟိုတယ်လိုင်စင်တွေ ထုတ်ပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် အခုလို ကြေညာချက်ထုတ်ပြန်တာဖြစ်တယ်လို့ သာသနာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်း က ပြောပါတယ်။

"ဟိုတယ်လိုင်စင် ပိတ်သိမ်းထားတဲ့ အခန်း ၁၀၆ ခန်းကို သက်ဆိုင်ရာဦးစီးဌာနက ဟိုတယ်လိုင်စင် ထုတ်ပေးရန် စီစဉ်လျှက်ရှိကြောင်း ကျနော်တို့ကိုမေးပါတယ်ခင်ဗျ၊ မေးတဲ့အပေါ်ကို ကျနော်တို့က အခြေအနေလေး သိရအောင် ထုတ်ပြန်တာဖြစ်ပါတယ်။"

သာသနာရေးဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဇွန်လမှာချမှတ်ခဲ့တဲ့ အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း ကျိုက်ထီးရိုးစေတီတော် ပရဝုဏ်အတွင်းရောက်ရှိနေတဲ့ ရိုးရိုးလေးဟိုတယ် အခန်း ၁၀၆ ခန်းကို ဖျက်သိမ်းဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာပါရှိပါတယ်။

ရိုးရိုးလေးဟိုတယ်ဟာ မြန်မာနိုင်ငံ ရင်းနှီးမြုှပ်နှံမှုကော်မရှင်ခွင့်ပြုချက် မတောင်းခံဘဲ တည်ဆောက်ထားတာ၊ သြဝါဒစရိယဆရာတော်တွေထံ သြဝါဒခံယူမှုမရှိတာ၊ အဆောက်အဦးပုံစံဒီဇိုင်းနဲ့ ပတ်သက်ပြီး ခွင့်ပြုချက် မတောင်းခံတာ၊ သတ်မှတ်အမြင့်ပေထက် ပိုဆောက်ထားတာ၊ အထပ်မြင့်တည်ဆောက်ပြီးချိန်မှာ ဟိုတယ် လိုင်စင်ယူမထားတာ၊ အခွန်တိမ်းရှောင်တာတွေကြောင့် ဖျက်သိမ်းဖို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ အဲဒီဟိုတယ်ခန်းတွေကို ပြည်ပဘုရားဖူးဧည့်သည် ကြိုတင်လက်ခံထားရတဲ့ အကြောင်းပြချက်နဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနထံ ဆက်လက်လုပ်ကိုင်ခွင့်တင်ပြထားတာကြောင့် ၃ လ နှစ်ကြိမ် ခွင့်ပြုထားတာဖြစ်ပါတယ်။

RFA သတင်းဌာနက ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနထံ အတည်ပြုချက်ရယူဖို့ ဆက်သွယ်မေးမြန်း ရာ ပြောရေးဆိုခွင့်ရှိသူတွေ ခရီးသွားနေတယ်ဆိုပြီး ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။