ဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ တပ်မတော် ညွှန်ကြား
2018.12.30

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကွတ်ခိုင်မြို့နယ်အတွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေး ခိုလှုံနေတဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ဖို့အတွက် အာဏာပိုင်အဖွဲ့အစည်းတွေက ညွှန်ကြားတာတွေရှိနေကြောင်း ဒုက္ခသည်စခန်း တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကွတ်ခိုင်အခြေစိုက် စစ်ဗျူဟာက တာဝန်ရှိ သူတွေက လာရောက်ပြောဆိုခဲ့တာဖြစ်ကြောင်း ကွတ်ခိုင်မြို့ အမှတ် ၅ ရပ်ကွက်မှာရှိတဲ့ KBC စခန်း ၁ က ဆရာမ ချောင်းညွယ်က RFA ကို ပြောပါတယ်။
ဒါပေမဲ့ စစ်ဘေးဒုက္ခသည်တွေကတော့ သူတို့ရဲ့ နေရပ်တွေကို ပြန်ဖို့ဆန္ဒမရှိသေးဘဲ လက်နက်ကိုင်အဖွဲ့အားလုံး အပစ်ရပ်ပြီး အမှန်တကယ်ငြိမ်းချမ်းသွားမယ့်အချိန်မှသာ နေရပ်ပြန်လိုတယ်လို့ ပြန်လည်ပြောဆိုခဲ့ကြောင်းလည်း ဆရာမ ချောင်းညွယ်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။
အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းထွဋ်လေးကတော့ အခုလို ဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ စီစဉ်တာဟာ နေရပ်ပြန်လိုတဲ့ ဒုက္ခသည်တွေကို သူတို့ရဲ့နေရပ်တွေပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ညွှန်ကြားထားတာကြောင့် ဒုက္ခသည်တွေ စာရင်းကို ကောက်ယူနေ တာဖြစ်ကြောင်း RFA ကို ပြောပါတယ်။
ဒါပေမဲ့ ဘယ်အချိန်မှာ နေရပ်ပြန်ဖို့ စီစဉ်မယ်ဆိုတာကိုတော့ အတိအကျ သတ်မှတ်ထားတာ မရှိသေးကြောင်းလည်း ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ ကွတ်ခိုင်မြို့နယ်အတွင်းမှာ တစ်ထောင်ကျော်လောက် ရှိကြောင်း ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ဒုက္ခသည်တွေ စားသောက်ရေးကိုတော့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ထောက်ပံ့ကူညီထားတယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။