ကိုဘုန်းမော် - ကိုစိုးနိုင် စာပေဆု ABFSU ကို ချီးမြှင့်မည်


2016.03.13

RIT ကျောင်းသားဟောင်းတချို့ဖွဲ့စည်းထားတဲ့ ကိုဘုန်းမော်-ကိုစိုးနိုင်စာပေဆုကို ဒီနှစ်အတွက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ABFSUကို ချီးမြှင့်မယ်လို့သိရပါတယ်။

လက်ရှိ ဗကသများအဖွဲ့ချုပ်ခေါင်းဆောင်တွေဖြစ်ပြီး ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ ကိုကျော်ကိုကို၊ ကိုမင်းသွေးသစ်နဲ့ ကိုအောင်မှိုင်းဆန်းတို့ရဲ့ဆောင်းပါးတွေ အတွက် ချီးမြှင့်တာလို့ ဗကသများအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ကိုအောင်နေပိုင်က ပြောပါတယ်။

" ကိုဘုန်းမော် - ကိုစိုးနိုင် စာပေဆု စိစစ်ရေးကော်မတီရှိတယ်၊ အဲ့တုန်းက RIT တက်ခဲ့တဲ့ အုပ်စုတွေထဲကနေ ဆုပေးပွဲလေးကို စီစဉ်ထားတာလို့ ကျနော်တို့ သိရတာပေါ့နော်၊ ဆုရတဲ့သူတွေက ကိုကျော်ကိုကိုရယ်၊ ကိုမင်းသွေးသစ်ရယ်၊ ကိုအောင်မှိုင်းဆန်းရယ်ပေါ့နော်၊ သူတို့ ၃ ယောက်က ခွန်းဆင့်သံဂျာနယ် မှာ ရေးထားတဲ့သူတို့ရဲ့ဆောင်းပါးတွေကို စုပြီးပေးလိုက်တာပေါ့နော်၊ ဆုပေးတာကတော့ လူပုဂ္ဂိုလ် တွေကိုမပေးတော့ပဲနဲ့ သူတို့ ၃ ယောက် ကိုယ်စားပြုတဲ့ ဗကသ အဖွဲ့ချုပ်ကိုပဲ ကိုဘုန်းမော် - ကိုစိုးနိုင် စာပေဆုကို ပေးလိုက်တဲ့သဘောပေါ့နော်"

ဆုပေးပွဲကို ကိုဘုန်းမော်-ကိုစိုးနိုင်ကျဆုံးတဲ့ ဒီနေ့ မတ်လ ၁၃ ရက်နေ့မှာကျရောက်တဲ့ ၂၈ နှစ် မြောက်မှာပြုလုပ်မှာဖြစ်ပါတယ်။

တတိယအကြိမ်မြောက်ကျင်းပတဲ့ ဒီစာပေဆုပေးပွဲကို ရန်ကုန်မြို့ အမှတ် ၁၆၉/၁၇၁ မဟာဗန္ဓုလပန်းခြံ လမ်းမှာ ဒီနေ့နေ့လည် ၁ နာရီကနေ ၃ နာရီ အထိပြုလုပ်မယ်လို့ ဆုရွေးချယ်ရေးအဖွဲ့က ကြေညာထားပါတယ်။

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ မဆလအစိုးရရဲ့လုံထိမ်းတပ်ဖွဲ့တွေက RIT ကျောင်းသားတွေကို အင်အားသုံးနှိမ်နင်းခဲ့လို့ ကိုဘုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။