ကိုးကန့်ဒေသ မူပန်မြို့က လူနေရပ်ကွက် လေယာဉ်နဲ့ တိုက်ခိုက်ခံရလို့ တစ်ဦးသေဆုံး
2023.04.27

သိန္နီမြို့နယ် မူပန်မြို့က လူနေရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ် နှစ်လုံးနဲ့ အရပ်သားပြည်သူ တစ်ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ MNDAA က သတင်းထုတ်ပြန်ပါတယ်။
၂၀၂၃ ခုနှစ် ဧပြီ ၂၆ ရက်နေ့ နေ့လယ် ၁ နာရီခွဲမှာ လေယာဉ်နဲ့ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းတို့ တွေ့ဆုံပြီး - နိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ရပ်ဖို့ပြောဆိုပြီးနောက် စစ်ကောင်စီက ကယားပြည်နယ်၊ ကိုးကန့်ဒေသနဲ့ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် တို့ကို ဧပြီ ၂၅၊ ၂၆ ရက်နေ့တွေမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ သေဆုံးထိခိုက်မှုတွေ ရှိခဲ့ပါတယ်။
လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ခေါ်ဆိုလို့ မရခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့က အာဏာသိမ်း စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာ ကလေးငယ်တွေအပါအဝင် လူပေါင်း ၂၀၀ နီးပါး တစ်နေ့တည်း သေဆုံးခဲ့ရပါတယ်။
ဒီအပေါ်နိုင်ငံတကာက ပြစ်တင်ရှုတ်ချနေပေမယ့် စစ်ကောင်စီကတော့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ဆက်လက်လုပ်ဆောင်နေပါတယ်။