ကိုးကန့် တိုင်းရင်းသားများ ခရီးသွားလာခွင့် ပိတ်ပင်
2011.09.23

(Photo: AFP)
ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က ကိုးကန့် ဒေသကို မြန်မာစစ်တပ်က ဝင်ရောက် တိုက်ခိုက်ပြီးတဲ့ နောက်ပိုင်းကစပြီး ကိုးကန့်ဒေသတွင်း နေထိုင်သူတွေကို ကန့်သတ် ပိတ်ပင်လာကြောင်း ဒေသခံတွေက ပြောပါတယ်။ အထူးသဖြင့် တန့်ယန်းကနေ ဝပြည် ပန်ဆန်းမြို့ ကိုသွားရောက်တဲ့ ဂိတ်မှာ အစစ်အဆေးတွေ များပြီး ကိုးကန့်လူမျိုးတွေကို သွားလာခွင့် မပေးတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂိတ်တွေမှာ ငွေပေးနိုင်ရင်တော့ သွားလာခွင့် ရတယ်လို့ ဆိုပါတယ်။
ဒေသခံတဦးရဲ့ ပြောပြချက်အရ ရဲနဲ့ လဝကကို တသောင်းစီနဲ့ စစ်တပ်ကို တသောင်းခွဲ၊ သစ်တောကို ၅ ထောင် စသဖြင့် အဖွဲ့စုံကို ပေးရပြီး စုစုပေါင်း ၆ သောင်းလောက်ကုန်မှ ခရီးသွားခွင့်ရကြောင်း၊ ယခင်က တိုင်းရင်းသား အခွင့်အရေးပေးခဲ့တာ ကြာခဲ့ပေမဲ့ အခုအခါ ပြောင်းလဲပိတ်ပင်နေကြောင်း သိရပါတယ်။
ပြီးခဲ့လက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ တိုင်းမှူး အသစ်ပြောင်းလာတဲ့ အချိန်ကစတင်ပြီး ကိုးကန့် လူမျိုးများရဲ့ သွားလာခွင့်ကို ပိတ်ပင်တာ ဖြစ်တယ်လို့ သိရပါတယ်။ တိုင်းမှူးအသစ် ဗိုလ်ချုပ် အောင်ကျော်ဇော်ဟာ ၂၀၀၉ ခုနှစ် ကိုးကန့် စစ်ဆင်ရေးမှာ တာဝန်ယူခဲ့သူ ဖြစ်တယ်လို့ ကိုးကန့် ဒေသခံတွေက ပြောပါတယ်။