စစ်အုပ်စုနဲ့ လူမျိုးကြီးဝါဒကို အဆုံးတိုင်ဖြိုချမယ်လို့ KNU ပြော

2022.07.16
စစ်အုပ်စုနဲ့ လူမျိုးကြီးဝါဒကို အဆုံးတိုင်ဖြိုချမယ်လို့ KNU ပြော ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များအား ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က တွေ့ရစဉ်
Photo: AFP

မဟာလူမျိုးကြီးဝါဒနဲ့ အာဏာသိမ်းစစ်အုပ်စုကို အဆုံးတိုင်ဖြိုချဖျက်ဆီးသွားမယ်လို့ (၇၅) နှစ်ပြည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ထံ ဇူလိုင်လ ၁၆ ရက် ဒီနေ့ပေးပို့ တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောထားပါတယ်။

အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ကို ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှာ ဖွဲ့စည်း ခဲ့တာပါ။

အာဏာသိမ်းစစ်အုပ်စုနဲ့ လူမျိုးကြီးဝါဒ နှစ်ခုစလုံးဟာ ကရင်လူမျိုးတွေအပြင် လူနည်းစု တွေရဲ့ မျှော်မှန်းချက်နဲ့ ပြည်သူတွေလိုလားတဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ဆန့်ကျင် တိုက်ခိုက်နေတယ်လို့လည်း ရေးသားထားပါတယ်။

ဒီသဝဏ်လွှာဟာ KNU ရဲ့ ရပ်တည်ချက်ကို ပြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင် မုန်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ထုတ်ပြန်တာကတော့ သူတို့ရပ်တည်ချက်ကို ပြတာပေါ့၊ ဒေသခံတွေကတော့ မြေပြင် မှာ တော်တော်ဒုက္ခရောက်နေတယ်။ ပြည်သူတွေကတော့ စစ်သားတွေနဲ့ကို မတွေ့ရဲ ကြဘူး။ တွေ့တာနဲ့ ဖမ်းတယ်။ လူသားဒိုင်း လုပ်တယ်။ နှိပ်စက်တယ်။ အခုနောက်ပိုင်း စစ်သားတွေ ပိုဆိုးလာတယ်။ မတွေ့တာ အကောင်းဆုံးပဲ။ ရိုးရိုးသားသား အသက်မွေးတဲ့ ပြည်သူတွေကိုလည်း ဖမ်းဆီးတယ်”

မုန်းမြို့နယ်ထဲမှာ အခုလဆန်းပိုင်းစပြီး တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရသလို စားဝတ်နေရေး အခက်အခဲတွေလည်း ရင်ဆိုင် နေရတယ်လို့ ဆိုပါတယ်။

လက်ရှိ ကျောက်ကြီးမြို့နဲ့ မုန်းမြို့နယ်ထဲက စစ်ဘေးဒုက္ခသည် ငါးသောင်းဝန်းကျင်ဟာ စစ်တောင်းမြစ်ဘေးက တောတောင်တွေထဲ ထွက်ပြေးနေကြရသလို တချို့တွေကတော့ တောင်ငူနဲ့ ရန်ကုန်ဘက်အထိပါ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၁၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျောက်ကြီးမြို့နယ် စပ်လဲရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး ကလေးနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ဇူလိုင်လ ၁၅ ရက် မနေ့မှာ ထုတ်ပြန်ထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။