ဆက်ကြေးကောက်တယ်ဆိုတဲ့ တပ်မတော်ထုတ်ပြန်ချက်ကို KNU ကန့်ကွက်


2019.01.27
sawtardohmu-622.jpg ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးကို တွေ့ရစဉ်
Photo: Karen National Union Headquarters

ကရင်အမျိုးသားအစည်းအရုံး KNU ကို ဆက်ကြေးကောက်တာတွေ ဆောင်ရွက်နေတယ်ဆိုပြီး တပ်မတော်ဘက် က ပြောကြားချက်ဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ချိုးဖောက်တာဖြစ်တယ်လို့ KNU က မနေ့က ရက်စွဲနဲ့ ကြေညာချက်ထုတ်လိုက်ပါတယ်။

အမျိုးသားတန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ရာမှာ KNU ဟာ ကရင်ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ ရပ်တည်နေတဲ့အဖွဲ့အစည်းဖြစ်ပြီး ဖွံ့ဖြိုးရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေ စီမံခန့်ခွဲနိုင်ဖို့ ပြည်သူလူထုဆီက သတ်မှတ်ချက်နဲ့အညီ အကူအညီရယူတာသာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရှင်းလင်းထားပါတယ်။

တဖက်အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ အပြောအဆို၊ အပြုအမှုတွေကို နှစ်ဖက်လုံးက ရှောင်ရှားရမယ်လို့ NCA စာချုပ် အခန်း ၃ (ခ)နဲ့ (စ)မှာပြဌာန်းထားကြောင်းလည်း KNU အထွေထွေအတွင်းရေးမှူး ပဒိုစော တာဒိုမူးက KNU ရဲ့ လူမှုကွန်ယက်စာမျက်နှာက တဆင့်ပြောခဲ့ပါတယ်။

တပ်မေတော်က အပစ်ရပ်ထားတဲ့ ၁ လကျော်ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆောင်ရွက် ချက်တွေနဲ့ ပတ်သက်လို့ ဇန်နဝါရီလ ၂၅ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ရာမှာ KNU ဟာ လှိုင်းဘွဲ့မြို့နယ် အတွင်း ဆက်ကြေးကောက်မှု ၁ ကြိမ်ရှိခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။

ဒါ့အပြင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းအခြေစိုက်တဲ့ KNU တပ်မဟာ ၅ ဟာ အစိုးရစစ်ကြောင်းတွေကို ချောင်းမြောင်းပစ်ခတ်မှု ၉ ကြိမ်ရှိခဲ့တယ်လို့လည်း တပ်မတော်က ဆိုပါတယ်။

KNU ရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက NCA စာချုပ်၊ အခန်း (၃) မှာပါရှိတဲ့ နှစ်ဖက်တပ်များ ထိပ်တိုက်တွေ့ဆုံမှု ရှောင်ရှားနိုင်ရေးအတွက် တပ်နေရာ ပြန်လည်ချထားရေးဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စည်းမျဉ်း စည်းကမ်းတွေချမှတ်ဖိ့ု လက်ရှိအချိန်အထိ မဆွေးနွေးနိုင်သေးတာကြောင့် ဒီလိုအဖွဲ့အစည်း တစ်ခုနဲ့တစ်ခုကြား အထင်အမြင်လွဲမှားမှုတွေရှိနေတာလို့ ပြောပါတယ်။

ကိုယ်ပိုင်သတ်မှတ်ချက်တွေအရ နယ်မြေကျူးကျော်မှုတွေရှိလာတယ်လို့ ယူဆရင် နယ်မြေခံတပ်တွေက စိုးရိမ်မှု လွန်ကဲပြီး တိုက်ပွဲတွေဖြစ်နိုင်လို့ နှစ်ဖက်ဆွေးနွေးဖို့လိုကြောင်းနဲ့ လာမယ့် ဖေဖော်ဝါရီလအတွင်း KNU ဟာ NRPCအပြင် တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တွေနဲ့လည်း တွေ့ဆုံသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။