NCA လမ်းကြောင်းက တိမ်းစောင်းသွားကြောင်း KNU ထောက်ပြ


2019.01.03
govt-nca-s-eao-622.jpg KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ နေပြည်တော်မှာ ၂၀၁၈ အောက်တိုဘာလ ၁၅ ရက်နေ့ကကျင်းပတဲ့ အစိုးရနဲ့ NCA-S-EAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေးကို တက်ရောက်လာစဉ်
Photo: Myanmar State Counsellor Office

လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ NCA သဘောတူညီမှုစာချုပ်ပါ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး လမ်းကြောင်းကနေ တိမ်းစောင်းသွား တာကြောင့် ပြန်လည်တည့်မတ်နိုင်ဖို့အတွက် တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ခေတ္တရပ်ဆိုင်းထား တာဖြစ်ကြောင်း KNU ဗဟိုက ပြောလိုက်ပါတယ်။

လာမယ့် ဇန်နဝါရီလ ၆ ရက်နေ့မှာ ကျရောက်တဲ့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို KNU ဗဟိုက ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။

ဒါပေမဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွေကနေ နှစ်ဘက်ကွာဟမှုတွေကို ဆက်လက်အဖြေရှာသွား မှာဖြစ်ကြောင်းနဲ့ လက်ရှိနိုင်ငံရေးအခြေအနေကို ကရင့်လူ့အဖွဲ့အစည်းတွေ၊ ကရင့်လက်နက်ကိုင် အင်အားစုတွေနဲ့ ကရင်တစ်မျိုးသားလုံးက စည်းစည်းလုံးလုံးနဲ့ ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်သွားဖို့ကိုလည်း KNU က တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် ကရင်လူမျိုး၊ ဘာသာစကား၊ စာပေ၊ ထုံးတမ်းစဉ်လာနဲ့ ယဉ်ကျေးမှုတွေကို မြှင့်တင်သွားဖို့ကိုလည်း ကရင်အမျိုးသား နှစ်သစ်ကူးနေ့ သဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။

KNU ရဲ့ သဝဏ်လွှာနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။