ကရင်လက်နက်ကိုင်လေးဖွဲ့ ခေါင်းဆောင်တွေ ကရင်ဒေသခံတွေနဲ့တွေ့ဆုံ
2023.03.10

ကရင်လက်နက်ကိုင်တပ်ဖွဲ့ စည်းလုံးညီညွတ်ရေးကော်မတီက ကရင်လက်နက်ကိုင်တပ်ဖွဲ့ တွေ ပေါင်းစည်းနိုင်ရေး ဆွေးနွေးနေတဲ့အခြေအနေကို မတ်လ ၁၀ ရက်နေ့က ကရင်ဒေသခံတွေနဲ့ တွေ့ဆုံပြီး အသိပေးခဲ့တယ်လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့သူတွေက ပြောပါတယ်။
ဒီတွေ့ဆုံပွဲကို ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)က ဗိုလ်မှူးကြီး စောဆန်းအောင်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ KNU-KNLA/PC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောထော့လေး၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF က ဗိုလ်မှူးကြီး စောချစ်သူတို့ တက်ရောက်ခဲ့ကြပါတယ်။
ကေအန်ယူ တပ်မဟာ ၇ နယ်မြေ ဘားအံခရိုင် ကော့ကရိတ်မြို့နယ် နဘူးမြို့နယ်ခွဲမှာ ကရင်လက်နက်ကိုင်တပ်ဖွဲ့ စည်းလုံးညီညွတ်ရေးကော်မတီနဲ့ လူထုတွေ့ဆုံပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။
ကရင်လက်နက်ကိုင်တပ်ဖွဲ့လေးဖွဲ့ ပြန်ပေါင်းစည်းနိုင်တော့မယ့် လမ်းစတော့ တွေ့နေပြီလို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။
“အဖွဲ့ကွဲသွားတဲ့လေးဖွဲ့ ပြန်လည်ပေါင်းစည်းလို့ရအောင် လုပ်ဆောင်နေတယ်ဆိုတာ ပြည်သူလူထု ကွဲကွဲပြားပြားသိအောင် ပြည်သူတွေကို ပြန်လာပြောပြတဲ့သဘောပါ။ ၂ဝ၁၃ ကတည်းက ကွဲသွားတာ၊ ပေါင်းတော့ ပေါင်းမှာပေါ့နော်။ အချိန်တော့ လိုသေးတယ်။ အခုတော့ ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိလာပြီ၊ လူထုကိုလည်း ချပြနိုင်ပြီပေါ့၊ ဘယ်အချိန် ပေါင်းစည်းသွားမယ်ဆိုတာ သူတို့ ပြန်ပြောမှာပေါ့။ လမ်းစတော့ မြင်နေပါပြီ။ ပွဲကို လာတဲ့ လူတွေကလည်း ပြန်မေးတယ်။ သူတို့ပေါင်းစည်းတဲ့အခါ ဘယ်သူဦးဆောင်မလဲဆိုတာ လူထုက မေးမြန်းတာရှိတယ်။ BGF ခေါင်းဆောင်က ပြောတယ် KNU ပဲ ဦးဆောင်ခိုင်းမယ်ပေါ့နော် KNU အဓိကအကျဆုံးပေါ့၊ သူတို့ကတော့ စစ်သားအနေနဲ့ပဲ KNU ဦးဆောင်တဲ့နောက်ကို လိုက်မယ်လို့ ပြည်သူကို ချပြတယ်။”
တွေ့ဆုံပွဲကို ဒေသခံ နှစ်ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။ တက်ရောက်လာသူတွေက လက်ရှိ စစ်ရေး၊ နိုင်ငံရေးအခြေအနေအပေါ်မှာ ကရင်လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ သဘောထား မေးမြန်းကြသလို ပြည်နယ်အတွင်း မူးယစ်ဆေးဝါးနဲ့ လောင်းကစားဝိုင်းတွေ ထိန်းချုပ်ဖို့ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကို ပြန်လည်တောင်းဆိုခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
ဒီတွေ့ဆုံပွဲနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ KNU ပြောရေးဆိုခွင့်ရှိသူတွေဆီ RFA က ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ၂ဝ၂၁ ဇွန်လလယ်လောက်မှာ ကရင်လက်နက်ကိုင်အဖွဲ့ လေးဖွဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။