ဘောကထ ရေအားလျှပ်စစ်စီမံကိန်း KNU ရှင်းလင်း
2016.02.26

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်မှာ အကောင်အထည်ဖော်မယ့် ဘောကထ ရေအားလျှပ်စစ်စီမံကိန်းကို KNU ကရင်အမျိုးသား အစည်းအရုံးပိုင် သူးလေကုမ္ပဏီက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ နားလည်မှုစာချွန် လွှာ ရေးထိုးခဲ့တာဟာ လေ့လာဆန်းစစ်ဖို့အတွက်သာ သဘောတူခဲ့တာဖြစ်တယ်လို့ ရန်ကုန်မြို့ဗဟန်းမြို့နယ် Green Hill Hotel မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ KNU တာဝန်ရှိသူတွေက ပြောပါတယ်။
လက်မှတ်ရေးထိုးတာဟာ ရေအားလျှပ်စစ်တည်ဆောက်ရေးအတွက် သဘောတူတာမဟုတ်ဘဲ လေ့လာ ဆန်းစစ်မှုအတွက်သာဖြစ်တယ်လို့ KNU ဗဟိုစီးပွားရေးကော်မတီ ဥက္ကဌ ပဒိုစောတာဒိုမူးက ပြောပါတယ်။
"အဓိကကတော့ MOEP နဲ့ ကျနော်တို့ MOU လက်မှတ်ထိုးခဲ့တာရှိတယ်၊ အမှန်ကတော့ အကြိုစမ်းသပ်လေ့လာမှု နဲ့ ပတ်သက်တဲ့ MOU ပဲဖြစ်ပါတယ်၊ ဆောက်လုပ်ရေးလုပ်ဖို့အတွက် မဟုတ်ဘူး၊ ဒါပေမဲ့ ကျနော်တို့ သတင်းတွေ ကို ကြည့်တဲ့အခါကျတော့ တခါတည်း ဆောက်လုပ်ရေးပါ သွားလုပ်မယ်ဆိုတော့ ဒီရေအားလျှပ်စစ်လုပ်ငန်းကို တခါတည်း အကောင်အထည်ဖော်တော့မယ် ဆိုတဲ့ပုံစံမျိုး ချဲ့ကားသွားတဲ့အခါကျတော့ ဒေသခံလူထုတွေလည်း စိုးရိမ်သွားတဲ့အပိုင်းတွေ ရှိတဲ့အတွက်ကြောင့်မို့ ဒါကိုအားလုံးတခါတည်းသိရအောင် သတင်းစာရှင်းလင်းပွဲလုပ် တာဖြစ်ပါတယ်"
အဲဒီရေအားလျှပ်စစ်စီမံကိန်းအတွက် လေ့လာဆန်းစစ်မှုတွေလုပ်တဲ့အခါ ဒေသခံတွေရဲ့ သဘောဆန္ဒမပါရင် ရပ်ဆိုင်းပေးမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
ဘောကထရေအားလျှပ်စစ် စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် လေ့လာဆန်း စစ်ချက်တွေ ပြုလုပ်ဖို့ ၂ နှစ်ကြာ သဘောတူညီမှုရရှိထားပြီး လာမယ့်မတ်လမှာ စတင်လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီစီမံကိန်းဟာ လျှပ်စစ်အင်အား ၁၆၀ မဂ္ဂါဝပ် ထွက်ရှိမှာဖြစ်ပြီး ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးအတွက် အကျိုးရှိမှာဖြစ်တယ်လို့ သိရပါတယ်။
ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးပိုင် သူးလေကုမ္ပဏီဟာ ကရင်ပြည်နယ်အတွင်း မြေအောက်ဖိုက်ဘာဆက်ကြောင်း ထည့်တဲ့လုပ်ငန်းတွေမှာ ကန်ထရိုက်ယူလုပ်ကိုင်နေတာဖြစ်ပြီး လုပ်ငန်းကြီးအနေနဲ့ ဒီစီမံကိန်းကို စတင်တာဖြစ်တယ်လို့ သိရပါတယ်။