နတ်သံကွင်းမြို့ထဲ ရိက္ခာပို့နိုင်ရေး စစ်ကောင်စီ လေကြောင်းကနေ တိုက်ခိုက်နေကြောင်း KNU ထုတ်ပြန်
2024.01.06

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ၊ ပဲခူးတိုင်း၊ နတ်သံကွင်းမြို့က စစ်ကောင်စီတပ်ဖွဲ့တွေထံ ရိက္ခာနဲ့လက်နက်ပို့ဆောင်နိုင်ရေးအတွက် စစ်ကောင်စီကလေကြောင်းကနေ အဆက်မပြတ်တိုက်ခိုက်နေပြီး အနီးဝန်းကျင်က ကျေးရွာတွေထဲ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံသုံးဦး သေဆုံးခဲ့တယ်လို့ KNU က ဇန်နဝါရီလ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ (၄) ရက်နေ့ ညနေမှာ စစ်ကောင်စီရဲ့ ခမရ−၃၀၇ တပ်ရင်းက ပစ်လိုက်တဲ့ လက်နက်ကြီးဟာ ဖြူးမြို့နယ် သစ်ချဆိပ်ကျေးရွာထဲ ကျရောက်ပါက်ကွဲလို့ အသက် ၁၇ နှစ်အရွယ် မောင်ဇွဲထက်၊ အသက် ၄၁ နှစ်အရွယ် ဦးအောင်တင်ဝင်းနဲ့ အသက် ၃၅ နှစ်အရွယ် ဒေါ်ညှပ်စိ တို့ လက်နက်ကြီး ကျည်ထိမှန်ခဲ့တာလို့ ပြောပါတယ်။
ဇန်နဝါရီလ (၅) ရက်နေ့ မနက်မှာတော့ စစ်ကောင်စီရဲ့ တောင်ငူလေတပ်က တက်လာတဲ့ MI-2 အမျိုးအစားရဟတ်ယာဥ်တစ်စီးဟာ နတ်သံကွင်းမြို့ထဲကို ရိက္ခာနှင့်ခဲယမ်းထုတ်တွေကို ချပေးခဲ့တယ်လို့ KNU က ပြောပါတယ်။
အဲ့ဒီနေ့ကပဲ စစ်ကောင်စီတပ်ရဲ့ ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄ဟာ နတ်သံကွင်းမြို့ထဲ ၁၅၅ မမ လက်နက်ကြီး (၂၈)လုံး ပစ်ခတ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် KNU တပ်မဟာ (၃) နယ်မြေ လယ်ဒိုမြို့နယ်ထဲကိုလည်း စစ်ကောင်စီတပ်ဟာ ဇန်နဝါရီလ ၁ ရက်ကနေ ၅ ရက်နေ့အထိ ၅ ရက်တာအတွင်း လက်နက်ကြီး အလုံး (၆၀)၊ လေယာဉ်ဗုံး(၁၃)လုံး၊ အော်လီဂန်းနဲ့ (၉)ကြိမ် ပစ်ခတ်ခဲ့လို့ ဒေသခံ လေးဦးထိခိုက်ဒဏ်ရာရခဲ့သလို အိမ်မွေးတိရိစ္ဆာန်တွေ သေဆုံးထိခိုက်ခဲ့တယ်လို့ KNU က ဆိုပါတယ်။
KNU ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။