အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ KNPP တို့ ပူးတွဲစောင့်ကြည့်ရေးကိစ္စ ခိုင်မာဖို့ ဆွေးနွေး
2018.04.26

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ငြိမ်းချမ်းရေးတွေ့ ဆုံဆွေးနွေးရေး ကော်မတီတို့ရဲ့ တရားဝင် ဆွေးနွေးပွဲ ဒီနေ့ ပထမနေ့ အရင်က သဘောတူထား တဲ့ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် ပူးတွဲစောင့်ကြည့်ရေးကိစ္စတွေခိုင်မာဖို့ ဆွေးနွေးခဲ့ပါတယ်။
KNPP နဲ့ အစိုးရတို့ကြား အရင်က ချုပ်ဆိုခဲ့တဲ့ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် နှစ်ဖက်သဘောတူညီ ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကော်မတီ PNC က ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးက ပြောပါတယ်။
"ကျနော်တို့ ဒီနေ့ ဆွေးနွေးတာကတော့ နှစ်ဖက်ကြားမှာ သဘောတူထားတဲ့ ပစ်ခတ်ရပ်စဲရေး ခိုင်မာဖို့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ပြန်မဖြစ်လာဖို့အတွက် အဲဒီလိုဟာမျိုးတွေကို ရည်ရွယ်ပြီးတော့မှ စောင့်ကြည့်ကိစ္စတွေကို ကျနော်တို့ ဦးစွာရှေ့တန်းတင်ပြီးတော့ ဆွေးနွေး ခဲ့တာဖြစ်ပါတယ်"
အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ငြိမ်းချမ်းရေး တွေ့ ဆုံဆွေးနွေးရေးကော်မတီတို့ဟာ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒီနေ့နဲ့ မနက်ဖြန် နှစ်ရက် တာ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။
ဆွေးနွေးပွဲ ဒုတိယနေ့ဖြစ်တဲ့ မနက်ဖြန်မှာတော့ တပ်ပိုင်းဆိုင်ရာ ကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စ၊ သစ်တောပြုန်းတီးမှု၊ လူကုန်ကူးကိစ္စတွေနဲ့ ပြည်နယ်အတွင်း NGO နဲ့ INGO တွေရဲ့ လုပ်ငန်းဆောင်ရွက်နေတဲ့ကိစ္စတွေကို ဆွေးနွေး သွားမယ်လို့ သိရပါတယ်။
KNPP အနေနဲ့ ဒီနှစ်ရက် တွေ့ဆုံဆွေးနွေးပွဲ ရလဒ်ပေါ်မူတည်ပြီး နှစ်ဖက်လုံးက လက်ခံနိုင်တဲ့ သဘောတူညီ ချက်တွေ ရလာခဲ့ပြီး ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ရင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ရှေ့ဆက်ခြေလှမ်းတစ်လှမ်း ထပ်လှမ်းလာဖို့ မျှော်လင့်တယ်လို့ နဲနယ်ပလိုးက ပြောပါတယ်။