KNPP အဖွဲ့က NCA ထိုးဖို့ မဆုံးဖြတ်နိုင်သေး
2018.04.27

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ ကယားပြည်နယ် လွိုင်ကော်မြို့ မှာ နှစ်ရက်ကြာဆွေးနွေးပွဲ ဒီနေ့ ပြီးဆုံးခဲ့ပေမယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ KNPP က လက်မှတ်ထိုးဖို့ ဆုံးဖြတ်နိုင်ခြင်း မရှိသေးပဲဖြစ်နေပါတယ်။
ဆွေးနွေးပွဲကာလအတွင်း ငြိမ်းချမ်းရေးကော်မရှင်ဘက်က NCA မှာလက်မှတ်ရေးထိုးဖို့ ကမ်းလှမ်းချက်တွေ ရှိခဲ့တယ်လို့ KNPP က အတွင်းရေးမှူး( ၂) ခူးဒယ်နီယယ် ကပြောပါတယ်။
"ကျနော်တို့ NCA ထိုးဖို့က တည့်ကြီးတော့ မဆွေးနွေးဘူး။ သွားနိုင်ဖို့ လမ်းကြောင်းလောက် ပဲ ဆွေးနွေးတယ်။ NCA ထိုးမယ်၊ ဘာညာအဲလောက်ထိတော့ ကျနော်တို့ မဆွေးနွေးခဲ့ဘူး။ ထိုးနိုင်မှာ မဟုတ်သေးဘူး ဆိုတာတော့ သဘောထားမပေးပါဘူး။ ဆက်လက်ဆွေးနွေးဖို့ ဆက်လက်ကြိုး ပမ်းဆောင်ရွက်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်တော့ရှိတယ်။ PC ဘက်ကတော့ လက်မှတ်ရေးထိုးဖို့ ကတော့ ပြောတော့ပြောတယ်။ လူထုအတွက် ဒါမှမဟုတ် ဒီတိုင်းပြည်အတွက် စသဖြင့် ဒါတွေ ကတော့ ပြောတော့ပြောကြတာပေါ့”
နှစ်ရက်ကြာ ဆွေးနွေးပွဲအပြီး ပူးတွဲကျေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အဲဒီမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ် မရေးထိုးခင် နှစ်ဖက်တပ်တွေ သွားလာဆက်သွယ်မှုတွေ ကို ပြည်နယ်အဆင့်မှာ ညှိနှိုင်းဖို့၊ ပြည်နယ်အစိုးရနဲ့ KNPP ကြား ပုံမှန်တွေ့ဆုံဖို့၊ ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့် ဆက်ဆံရေးတာဝန်ခံတွေ ပြန်လည်ထားရှိဖို့ ပါဝင်ပါတယ်။
KNPP က NCA စာချုပ်မှာ လက်မှတ်ထိုးနိုင်ဖို့အတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က လွိုင်ကော်မြို့နယ်၊ ပါလောင်း ကျေးရွာနဲ့ ဒေါတခြားကျေးရွာကြားမှာရှိတဲ့ KNPP ရဲ့ ယာယီစစ်ဆေးရေးဂိတ်က တပ်ဖွဲ့ဝင် ၄ ယောက် အသတ်ခံရတဲ့ကိစ္စကို ဦးစွာဖြေရှင်းရမှာ ဖြစ်တယ်လို့လည်း ခူးဒယ်နီယယ် က ပြောပါတယ်။ အဲဒီကိစ္စအတွက် စုံစမ်းစစ်ဆေးနိုင်ရေးနဲ့ ပတ်သက်ပြီး မကြာခင်ရက်ပိုင်း အတွင်း တပ်မတော်တာဝန်ရှိသူတွေနဲ့ KNPP ကတာဝန်ရှိသူတွေ တွေ့ဆုံဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
KNPP ဟာထိုင်းမြန်မာနယ်စပ်အခြေစိုက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ဖြစ်ပြီး အရင်ကအဲဒီအဖွဲ့ထဲမှာ KNU ၊ KIA စတဲ့အဖွဲ့တွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း တဖွဲ့ချင်းလိုက်ထွက်ကုန်ကြပြီး အခုဆိုရင် အဲဒီအဖွဲ့မှာ KNPP ၊ MNSP မွန်ပြည်သစ်ပါတီ ၊ ရခိုင်အမျိုးသားကောင်စီ ANC စတဲ့အဖွဲ့တွေသာကျန်ခဲ့ပါတယ်။ မွန်ပြည်သစ်ပါတီက ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလက NCA မှာလက်မှတ်ထိုးခဲ့ ပါတယ်။ အခုဆိုရင် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ပေါင်း ၁၀ ဖွဲ့ရှိနေပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေလည်း ကျန်နေပါတယ်။