KNPP တပ်သား သတ်ခံရမှု တရား မျှတမှုပေါ်ပေါက်ရေး UNFC တောင်းဆို


2017.12.26
knpp-kill-protest-622.jpg KNPP တပ်သား ၄ ဦးကို တပ်မတော်သတ်ဖြတ်ခဲ့တာ ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ပြန်လည်ဖြေရှင်းပေးဖို့ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က လွိုင်ကော်မြို့မှာ ဆန္ဒပြစဉ်
Photo: Myo Hlaing Win Facebook

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က တပ်သား ၃ ဦးနဲ့ အရပ်သား ၁ ဦးတို့ ကယားပြည် နယ် လွိုင်ကော်မြို့နယ်ထဲက KNPP ယာယီဂိတ်စခန်းတစ်ခုမှာ သတ်ဖြတ်ခြင်းခံရတဲ့ကိစ္စကို  တပ်မတော်ဘက်က ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးရေးနဲ့ တရားမျှတမှုပေါ်ပေါက်ရေး အမြန်ဆုံးဖော်ဆောင်ပေးဖို့ UNFC က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

အခုလိုဖြစ်စဉ်ကြောင့် ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကို ထိခိုက်နိုင်တယ်လို့ UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းဇော် က ပြောပါတယ်။

"ဒါကိုဖြေရှင်းဖို့အတွက်က ကာယကံရှင်ကျူးလွန်တဲ့ဘက်က လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကိုဖွဲ့ပါ၊ ပြီးရင် တရားမျှတမှုကို ဖော်ဆောင်ပေးပါဆိုတဲ့ အဓိပ္ပါယ်ပဲ၊ ဒီလိုမျိုးမလုပ်ဘူးဆိုရင် အခုရရှိထားတဲ့ တွေ့ဆုံဆွေးနွေးရေး ကနေတဆင့် ယုံကြည်မှုကို အနိမ့်ဆုံးအားဖြင့် လာထိခိုက်လာလိမ့်မယ်၊ လက်ရှိဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လာပြီးတော့ရိုက်ခတ်မယ်၊ အနိမ့်ဆုံးအားဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကို နှောင့်နှေးကြန့်ကြာလိမ့်မယ်လို့ မြင်ပါတယ်။’’

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့က  လွိုင်ကော်မြို့နယ်၊ ပါလောင်းကျေးရွာနဲ့ ဒေါတခြားကျေးရွာကြား KNPP ရဲ့ ယာယီစစ်ဆေးရေးဂိတ်ကို တပ်မတော်က ဝင်ရောက်စီးနင်းပြီး KNPP တပ်ဖွဲ့ဝင် ၄ ယောက်ကို သတ်ဖြတ်ခဲ့ တာဖြစ်ပြီး ကျူးလွန်သူတွေကို ဖော်ထုတ်ပေးဖို့အတွက် KNPP ကလည်း ကြေညာချက် ထုတ်ပြန်တောင်းဆို ထားပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ညနေမှာ အစိုးရတပ်မတော်က နယ်စပ်တပ်စခန်းတွေကို ရိက္ခာပို့ပြန်လာတဲ့ စစ်ကားတွေ ကို အဲဒီယာယီစစ်ဆေးရေးဂိတ်မှာ စစ်ဆေးရာ သစ်မျိုးစုံနဲ့ မျောတိုင်တွေကို ဖုံးအုပ်ပြီး သယ်ဆောင်လာတာ ကို တေ့ွရှိခဲ့ပေမယ့် ကားကိုသွားခွင့်ပေးလိုက်တယ်လို့ KNPP ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

အဲဒီလိုသွားခွင့်ပေးလိုက်ပြီးနောက် ဒကစ လက်အောက်ခံတပ် ခလရ ၅၄ က ညဖက်မှာ ပြန်လာပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက်မှာ တပ်ဖွဲ့ဝင် ၄ ဦးကို သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

KNPP ဘက်က ၄ ဦး သေဆုံးတာဟာ နှစ်ဖက်တိုက်ပွဲတွေကြောင့်ဖြစ်ကာ တပ်မတော်က ဖမ်းဆီးခေါ်ဆောင်ပြီး ဥပဒေမဲ့ သတ်ဖြတ်တာ မဟုတ်ဘူးလို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) က ဒီဇင်ဘာလ ၂၂ ရက်နေ့က ကြေညာချက်တစ်စောင် ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။

KNPP ဟာ UNFC အဖွဲ့ဝင်ဖြစ်ပြီး အခုဖြစ်စဉ်ကြောင့် တည်ဆောင်ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နှောင့်နှေးကြန့်ကြာမှု မဖြစ်စေချင်တဲ့အတွက် အစိုးရတပ်မတော်ဘက်က အမြန်ဆုံးပြန်လည် စုံစမ်းစစ်ဆေးဖို့နဲ့ တရားမျှတမှုကို ဖော်ဆောင်ပေးစေချင်တယ်လို့ ဦးထွန်းဇော်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။