နိုင်ငံတော် အတိုင်ပင်ခံနဲ့ KNPP တွေ့ခွင့်မရ
2017.12.29

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေ့ ကယားပြည်နယ် လွိုင်ကော်မြို့က ငြိမ်းချမ်းရေး စကားဝိုင်း ခရီးစဉ်အတွင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က သီးသန့်တွေ့ဆုံခွင့်ရဖို့ တောင်းဆို ခဲ့ပေမယ့် တွေ့ဆုံခွင့်မရခဲ့ဘူးလို့ KNPP ဆက်ဆံရေးရုံးတာဝန်ခံ က ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့က KNPP တပ်ဖွဲ့ဝင် ၄ ဦးအသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံနဲ့ တွေ့ခွင့်ရဖို့ ပြည်နယ်အစိုးရအဖွဲ့ကတဆင့် တောင်းဆိုခဲ့ပေမယ့် ပြည်နယ်အစိုးရအဖွဲ့က အကြောင်းပြန်တာမရှိခဲ့ဘူးလို့ KNPP လွိုင်ကော် ပင်မဆက်ဆံရေးရုံးတာဝန်ခံ ခူညေးရယ် ကပြောပါတယ်။
"ကျနော်တို့ မတွေ့ဖြစ်တော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အစိုးရကို ကျနော်တို့ ပြောထားတယ်၊ ပြည်နယ် ဝန်ကြီးချုပ်ကို ဒါပေမဲ့ ဘာမှအကြောင်းမပြန်ဘူးလေ၊ အတိုင်ပင်ခံကလည်း ပြန်သွားပြီဆိုတော့ မတွေ့ဖြစ်တော့ဘူးထင်တယ်"
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ KNPP နဲ့ သီးသန့်တွေ့ဆုံဖို့ အခက်အခဲရှိတဲ့အတွက် မတွေ့ဆုံနိုင်ခဲ့တာလို့ ယူဆကြောင်းနဲ့ မကြာမီ ပြည်နယ်အစိုးရအဖွဲ့က KNPP တပ်ဖွဲ့ဝင်တွေ အသတ်ခံတာနဲ့ ပတ်သက်ပြီး အကြောင်းပြန်လိမ့်မယ်လို့ ထင်မြင်ကြောင်း ခူညေးရယ် က ပြောပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒီနေ့မနက်ပိုင်းက ပြုလုပ်တဲ့ ငြိမ်းချမ်းရေး စကားဝိုင်း ဆွေးနွေးပွဲကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေ့ချင်းပြန်ခရီး သွားရောက်ခဲ့တာဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ မနေ့က ကယားပြည်နယ် လွိုင်ကော်မြို့ကို အစိုးရ တပ်မတော် စုံစမ်းစစ်ဆေးရေးခုံရုံး အဖွဲ့က တာဝန်ရှိသူတွေ လာရောက်ပြီး KNPP ကိုယ်စားလှယ် ၄ဦးနဲ့ တွေ့ဆုံကာ KNPP အဖွဲ့ဝင်တွေ အသတ်ခံရတဲ့ကိစ္စကို မေးမြန်းခဲ့ကြောင်းနဲ့ ဥပဒေကြောင်းအရ စစ်ဆေးအရေးယူပေးဖို့ ပြောခဲ့ကြောင်း ခူညေးရယ် ကပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့က လွိုင်ကော်မြို့နယ်၊ ပါလောင်းကျေးရွာနဲ့ ဒေါတခြားကျေးရွာကြား KNPP ရဲ့ ယာယီစစ်ဆေးရေးဂိတ်ကို တပ်မတော်က ဝင်ရောက်စီးနင်းပြီး KNPP တပ်ဖွဲ့ဝင် ၃ ယောက် နဲ့ ဒေသခံရွာသား ၁ ယောက်ကို သတ်ဖြတ်ခဲ့တာဖြစ်ကြောင်းနဲ့ ကျူးလွန်သူတွေကို ဖော်ထုတ်ပေးဖို့အတွက် KNPP က ကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။
အစိုးရ တပ်မတော်ဘက်ကလည်း KNPP တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးတာဟာ နှစ်ဖက်တိုက်ပွဲတွေကြောင့်ဖြစ်ပြီး တပ်မတော်က ဖမ်းဆီးခေါ်ဆောင်ပြီး ဥပဒေမဲ့ သတ်ဖြတ်တာ မဟုတ်ဘူးလို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) က ဒီဇင်ဘာလ ၂၂ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ KNPP တပ်ဖွဲ့ဝင်တွေ အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လွိုင်ကော်မြို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဆက်ဆံရေးရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမယ်လို့ ပြောပါတယ်။