စစ်တပ်စခန်းတချို့ကို သိမ်းယူပြီး ဖယ်ခုံမြို့ အဝင်၊ အထွက်ကို ကရင်နီတပ်တွေ ထိန်းချုပ်
2023.12.29

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်က စစ်ကောင်စီတပ်ရဲ့ စခန်းကုန်းနှစ်ခုကို တိုက်ခိုက်သိမ်းယူပြီး ဖယ်ခုံမြို့ အဝင်၊ အထွက် နေရာတွေကိုလည်း ထိန်းချုပ်ထားနိုင်ပြီလို့ မိုးဗြဲ-ဖယ်ခုံ စစ်ဆင်ရေး မဟာမိတ် အင်အားစုများအဖွဲ့က ဒီဇင်ဘာလ ၂၉ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ တပ်စခန်းတွေဖြစ်တဲ့ ရွှေပြည်အေးနဲ့ လွယ်ပတာ စခန်းကုန်းတွေကို ဒီဇင်ဘာ ၂၃ ကနေ ၂၅ ရက်နေ့ထိ သုံးရက်ကြာ တိုက်ခိုက်ပြီးနောက် လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိကြောင်း ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၆ ရက်နေ့မှာတော့ စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်ထဲမှာ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး ဒီနေ့မှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဖယ်ခုံမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဖယ်ခုံကကျတော့ ကြိုရှောင်နေကြတော့ ဒေသခံထိခိုက်မှုတော့ မရှိဘူး။ လောလောဆယ်တော့ ထုတ်ပြန်ထားတဲ့ အဲဒီနေရာတစ်ဝိုက်မှာတော့ လက်နက်ကြီးနဲ့ ပစ်တာတွေ၊ လေယာဉ်ပစ်တာတွေ ရှိတယ်ပေါ့”
လက်ရှိမှာ ကရင်နီ ပူးပေါင်းတပ်တွေက ဖယ်ခုံမြို့ အဝင်၊ အထွက် နေရာတွေကို ထိန်းချုပ်ထားပေမယ့် ဒေသခံတွေအနေနဲ့ မြို့တွင်းကို ဝင်ထွက်သွားလာတာတွေ မလုပ်ကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုဝင်ဘာ ၁၁ ရက်နေ့ကစခဲ့တဲ့ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးမှာ ကယားပြည်နယ် မြို့တော် လွိုင်ကော်မြို့ကို ရှစ်ဆယ်ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်ကြောင်းနဲ့ မိုးဗြဲမြို့မှာလည်း မြို့မြောက်ဘက် အမှတ် (၄၂၂) ခြေမြန်တပ်ရင်းက လွဲပြီး ကျန်နေရာတွေကို ထိန်းချုပ်ထားနိုင်ပြီလို့ ကရင်နီ ပူးပေါင်းတပ်တွေက RFA ကို ဖြေဆိုထားပါတယ်။