စစ်အာဏာရှင်ကို ချေမှုန်းဖို့ တော်လှန်ရေးအဖွဲ့အားလုံးနဲ့ လက်တွဲမယ်လို့ KIO ပြော

RFA Burmese
2023.10.25
စစ်အာဏာရှင်ကို ချေမှုန်းဖို့ တော်လှန်ရေးအဖွဲ့အားလုံးနဲ့ လက်တွဲမယ်လို့ KIO ပြော လိုင်ဇာတွင်ကျင်းပသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း ၆၃ နှစ်ပြည့်အခမ်းအနားတွင် မိန့်ခွန့်ပြောကြားနေသော KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကို အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။
News and Information Department - NID

စစ်အာဏာရှင်စနစ်ကို ချေမှုန်းပြီး ပင်လုံကတိအတိုင်း ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်နိုင်ဖို့ စစ်ကောင်စီကို တော်လှန်နေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲ ဆောင်ရွက်နေတယ်လို့ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။

အောက်တိုဘာ ၂၅ ရက် ဒီနေ့ ကျရောက်တဲ့ KIO တည်ထောင်ခြင်း (၆၃) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ အဲဒီလို ပြောလိုက်တာပါ။ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကို ၁၉၆၀ ပြည့်နှစ် အောက်တိုဘာ ၂၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာပါ။

လက်ရှိမှာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ပြီး ရွေးကောက်ပွဲလုပ်ဖို့ ပြင်နေတာဟာ မှန်ကန်တဲ့ လုပ်ဆောင်မှု မဟုတ်သလို အကျပ်အတည်းကို ဖြေရှင်းနိုင်မယ့် နည်းလမ်းလည်း မဟုတ်တဲ့အတွက် ပြည်သူအားလုံး ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ပါဝင်တာ၊ အားပေးထောက်ခံတာတွေ မလုပ်ဖို့လည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းသွားပါတယ်။

စစ်ကောင်စီကြောင့် တစ်နိုင်ငံလုံး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံပျက်စီးသွားမယ့် အခြေအနေကို ဦးတည်နေတယ်လို့လည်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။

“စစ်ကောင်စီကြောင့် တစ်နိုင်ငံလုံး ဘက်ပေါင်းစုံက အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်။ အခုလိုဖြစ်နေတာက နိုင်ငံပျက်စီးသွားမယ့်လမ်းဘက်ကို ဦးတည်နေတယ်လို့ တွေ့မြင်နေရတယ်။ စစ်ကောင်စီက ပြည်သူတွေကို ရန်သူလို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေတာကြောင့် များပြားလာတဲ့ စစ်ဘေးဒုက္ခသည်တွေ ဒုက္ခရောက်နေတာကို ကမ္ဘာကလည်း ထင်ထင်ရှားရှား တွေ့မြင်နေရတယ်”

တစ်နိုင်ငံလုံး ဘက်ပေါင်းစုံက အကျပ်အတည်းရောက်နေချိန် စစ်ကောင်စီက မြို့ရွာတွေမှာ ပြည်သူ့စစ်တွေကို အတင်းအဓမ္မ ဖွဲ့စည်းနေတာဟာ ပြည်သူအချင်းချင်း ပြန်တိုက်ခိုင်းနေတဲ့အတွက် ပြည်သူအားလုံး ပြည်သူ့ စစ် အဖွဲ့တွေမှာ မပါဝင်ဘဲ နည်းလမ်းရှာပြီး ရှောင်ရှားကြဖို့လည်း သူက တိုက်တွန်းသွားပါတယ်။

ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး အမြင်သဘောထား သိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီ‌နေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

KIO တပ်ဖွဲ့ဝင်တွေနဲ့ အမှုထမ်းတွေအနေနဲ့လည်း လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်းစည်းကမ်း ကျင့်ဝတ်တွေကို စောင့်ထိန်းပြီး အာဏာရှင်စရိုက်ဆန်ဆန် ကိုယ်ကျိုးစီးပွားရှာတာမျိုး မလုပ်ဖို့လည်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီနေ့ နှစ်ပတ်လည် မိန့်ခွန်းမှာ ပြောသွားပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဟာ လက်ရှိမှာ စစ်ကောင်စီတပ်ရဲ့ ဖိအားပေးချေမှုန်းတာကို ရင်ဆိုင်နေရပြီး ဌာနချုပ် လိုင်ဇာအနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာနဲ့ အခုနှစ် အောက်တိုဘာလအတွင်း KIO ထိန်းချုပ်ရာ အနန့်ပါရွာနဲ့ မုန်လိုင်ခက် ဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့တာကြောင့် လူ အစုလိုက် အပြုံလိုက် သေဆုံးမှု၊ ဒဏ်ရာရမှုတွေ ဖြစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။