ငဖဲမြို့နယ်မှာ ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦး အသတ်ခံရ

RFA Burmese
2024.09.30
ငဖဲမြို့နယ်မှာ ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦး အသတ်ခံရ မကွေးတိုင်း၊ ငဖဲမြို့ ရှိ မြို့မဈေးအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့က တွေ့ရစဉ်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

Updated 5:51 PM Sep 30, 2024

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးရွာမှာ စက်တင်ဘာလ ၂၇ ရက်နေ့က ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို လက်နက်ကိုင်တပ်ဖွဲ့တွေက ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ စစ်ကောင်စီတပ် ထောက်ခံတဲ့ တယ်လီဂရမ်တွေမှာ စက်တင်ဘာလ ၂၉ ရက်နေ့က ဖော်ပြထားပါတယ်။

သတ်ဖြတ်ခံရသူတွေက ဂုတ်ကြီးရွာမှာ နေထိုင်တဲ့ အသက် ၄ နှစ်အရွယ် မ၀ူဟန်ကျော် နဲ့ ဖခင်ဖြစ်သူ ဦးဖိုးကျော် ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနေ့က ဂုတ်ကြီးရွာ တောရဘုန်းတော်ကြီးကျောင်းကို ဆွမ်းချိုင့်ပို့ဖို့သွားချိန် လမ်းမှာ သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

က​လေး​သတ်ဖြတ်ခံရမှုနဲ့ ပတ်သတ်ပြီး ​​ကျူးလွန်ခဲ့တဲ့ အဖွဲ့အစည်းကို ရှုတ်ချတယ်လို့ မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြား​ရေး တာဝန်ခံ ကိုအညာသားက RFA ကို ​ပြောပါတယ်။

"အဲဒီ ဖြစ်စဥ်မှာ က​လေးသူငယ် ​သေဆုံးထားတာ ပါထားတယ်။ လုပ်တဲ့ အဖွဲ့အစည်းက​တော့ ထုတ်ပြန်​ကြေညာမှာ မဟုတ်ဘူးဗျ။ လုပ်တဲ့အဖွဲ့ကို ကျွန်​တော်တို့က သီးခြားစုံစမ်း​နေဆဲရှိ​သေးတယ်။ ဒီသတ်ဖြတ်ခံရမှုမှာ က​​​လေးပါ​နေလို့ ကျွန်တော်တို့ ရှုတ်ချပါတယ်ဗျ"

​သေဆုံးသွားတဲ့ က​လေးရဲ့ ဖခင်ဖြစ်သူက စစ်​ကောင်စီရဲ့ အမာခံ ​ဒေါက်တိုင် တစ်ဦးဖြစ်ပြီး စစ်မှုထမ်း​ဖို့ လူစု​ဆောင်းတာ​တွေ လုပ်​ဆောင်သူ ဖြစ်တယ်လို့ ​သူကပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ ငဖဲမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

ဒီ့အပြင် မကွေးတိုင်းအခြေစိုက် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) ရဲ့ တာဝန်ရှိသူတွေထံ RFA က ဆက်သွယ်တဲ့အခါ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အသေးစိတ်မသိရဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတုန်းက ဂုတ်ကြီးရွာ ရဲစခန်းကို မကွေးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်မှုလုပ်ခဲ့ပါတယ်။

(မှတ်ချက် - ဤသတင်းတွင် မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြား​ရေး တာဝန်ခံ ကိုအညာသား၏ ပြောဆိုချက်ကို ထပ်မံဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။