KIA ဖမ်းထားတဲ့ ရဲတပ်ဖွဲ့ဝင်များ PCG အဖွဲ့က သွားရောက်ခေါ်ယူ


2015.01.18
kia-solider305 လုံခြုံရေးယူထားသည့် KIA စစ်သားများကို တွေ့မြင်ရစဉ်။
Photo:RFA/Kyaw Myo Min

ကေအိုင်အို တပ်မဟာ ၂ လက်အောက်ခံတပ်တွေက ဖမ်းဆီးထိန်းသိမ်းထားတဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၃ ဦး ကို မြစ်ကြီးနားမြို့အခြေစိုက် ကချင်ငြိမ်းချမ်းရေး အကျိုး ဆောင်အဖွဲ့ဝင်တွေက ကေအိုင်အို တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နဲ့ ဆက်သွယ်ပြီး ဒီနေ့ သွားရောက်ခေါ်ဆောင်နေပါတယ်။

ဖမ်းဆီးထားတဲ့ ရဲတပ်ဖွဲ့ဝင် ၃ဦးကို ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က တာဝန်ယူပြီး အစိုးရထံ ပြန်လည် အပ်နှံပေးဖို့ ကေအိုင်အိုက အကြောင်းကြားလာတဲ့အ တွက် သွားရောက်ခေါ်ဆောင်တာဖြစ်တယ်လို့ PCG အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာ က ပြောပါတယ်။

" ဖမ်းထားတဲ့ရဲတွေကို သွားလက်ခံပြီးတော့မှ အစိုးရကိုပြန်အပ်ပေးဖို့တွက်ဆိုပြီးတော့မှ အကြောင်းကြားလာလို့၊ မနေ့ကပဲအကြောင်းကြားလာလို့ PCG အနေနဲ့ တာဝန်ယူပြီး တော့မှ သွားခေါ်ပြီးတော့မှ ပြန်အပ်ပေးဖို့အတွက်ဆိုပြီး ပြောလို့ ကျနော်တို့ ဖားကန့် ကို တက်သွားရခြင်းဖြစ်ပါတယ်၊ ဖားကန့် ကိုရောက်တဲ့ အချိန်မှာ တပ်ရင်း ၆ ၊ တပ်ရင်းအဖွဲ့ တွေကိုလဲ ဆက်သွယ်ပြီးတော့မှ သူတို့ဘယ်နားမှာထားလဲဆိုတာ အဆက်အသွယ်လုပ် ပြီးမှ ကျနော်တို့က သွားခေါ် မှာဖြစ်ပါတယ်"

ဒ့ါအပြင် ဖားကန့်မြို့နယ် ကံဆီးခေါ၊ အောင်ဘာလေ၊ ငှက်ပျောတော စတဲ့ကျေးရွာတွေ မှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ဒေသခံရွာသား နှစ်ထောင်နီးပါးကို ကူညီဖို့အတွက် လည်း ဆွေးနွေးညှိနှိုင်းသွားမယ်လို့ ဦးလမိုင်ဂွန်ဂျာ က ပြောပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဖားကန်မြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း ပေါက်ကွဲမှုတွေမကြာခဏဖြစ်နေပြီး ဒီနေ့မနက်က ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက် မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ဒီနေ့မနက် ပေါက်ကွဲမှုမှာ လူတွေကို ထိခိုက်မှုမရှိဘူးလို့ ဖားကန့်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဟန်မြင့် က ပြောပါတယ်။

"စရဖ ရုံးလို့ကြားရတာ မနက်ကအဲ့နားမဟုတ်ပါဘူးဗျာ၊ ကျနော်တို့မြို့ထဲမှာပါ၊ မနက်ကကျနော်သွားကြည့် ပြီးပါပြီ၊ အခုကွဲနေတဲ့ မိုင်းတွေကလူကိုတော့ ဒုက္ခမ ဖြစ်ပါဘူး၊ ဟိုတစ်နေ့က လုံးခင်းရဲကင်းနားကတစ်ခုပဲ ဒဏ်ရာရတယ်၊ ကျန်တဲ့ဟာ တွေက အသံပဲကျယ်တယ်၊ လူကိုတော့ ဒုက္ခမဖြစ်သေးဘူး၊ ဒီလိုပဲထိတ်ထိတ် လန့်လန့်တော့နေရတာပေါ့၊ တိုက်ပွဲတွေစဖြစ်မှာ ကွဲတာပါ"

ဒီလ ၁၅ ရက်နေ့ညကလည်း လုံးခင်းမြို့နယ်ရဲစခန်းကို ဆိုင်ကယ်သမားတစ်ဦးက လက်ပစ်ဗုံးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် အမျိုးသမီးနှစ်ဦးနဲ့ ကလေးငယ်တစ်ဦး စုစုပေါင်း သုံးဦးထိခိုက်ဒါဏ်ရာ ရရှိခဲ့ပါတယ်။

ဖားကန့်မြို့နယ်မှာ ဒီလ ၁၄ရက်နေ့က ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်နဲ့ အစိုးရဝန် ထမ်းတွေကို ကေအိုင်အို တပ်မဟာ ၂ လက်အောက်ခံ တပ်တွေက ဖမ်းဆီးခဲ့ပြီးနောက် တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ဒါ့အပြင် မနေ့က မိုးကောင်း-ဖားကန့်လမ်းပေါ် နန့်ယားနဲ့ကပ်မှော်ဇွပ်ကျေးရွာကြား၊ ကပ်မှော်ဇွပ်နဲ့ ပျားအုံကျေးရွာကြား မှာရှိတဲ့ တံတားနှစ်စင်း ဖောက်ခွဲဖျက်ဆီး ခံရတယ်လို့ သိရပါတယ်။

ဖားကန့်နယ်အတွင်းအစိုးရတပ်နဲ့ KIA တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ရှိနေစဲဖြစ်ပြီး ဒုက္ခသည်တွေကို ခုချိန်အထိ တိုက်ပွဲဖြစ်တဲ့ ဒေသ ခေါ်ထုတ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ကားအစီး ၂၀၀ ကျော်ဟာ လုံးခင်းမြို့ အနီးရှိ အစိုးရစစ်တပ်ဂိတ်မှာ ရှေ့ဆက်သွားခွင့်မရဖြစ်နေတယ် လို့ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ကယ်ဆယ်ရေးအဖွဲ့ဝင် ကချင်လူမူရေးကွန်ရက်က ဥိးစာဂျီကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။