ရှမ်းနဲ့ ပလောင်လူငယ် ၁၅ ဦးကို ကေအိုင်အေ ဖမ်းဆီးခေါ်ဆောင်သွား


2015.12.31
kia-soliders-620.jpg လုံခြုံရေးယူထားသည့် KIA စစ်သားတချို့ကို တွေ့မြင်ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်နဲ့ကွတ်ခိုင်မြို့နယ်အတွင်း ကျေးရွာတွေက ဒေသခံ လူငယ် ၁၅ ယောက်ကို  ကေအိုင်အေတပ်တွေက ပြီးခဲ့တဲ့ နှစ်ရက်လောက်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မူဆယ်မြို့နယ် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က မနေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

မူဆယ်မြို့မှာ ကျင်းပတဲ့ ရှမ်းရိုးရာနှစ်သစ်ကူးပွဲတော်ကို တက်ရောက်ဖို့ ကျေးရွာတွေကနေ ထွက်ခွာလာတဲ့လမ်းမှာ ခေါ်ဆောင်ခံရတာဖြစ်ပြီး အဲ့ဒီဒေသအနီးတဝိုက်ဟာ ကေအိုင်အေတပ်တွေ သွားလာလှုပ်ရှားတဲ့နေရာဖြစ်တယ်လို့ မူဆယ်မြို့နယ် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့အတွင်းရေးမှူး ကိုစိုင်းမြတ်အောင်က ပြောပါတယ်။

"ဒီဒေသမှာ သွားလာလှုပ်ရှားနေတာကတော့ KIA ပဲရှိတယ်၊ မိန်းကလေး ၃ ယောက်ပေါ၊့ ယောက်ကျားလေး ၂ ယောက်၊ အဲ့ဒီဟာကတော့ ကျနော်တို့ စာရင်းအတိအကျပေါ့နော်၊ အားလုံးပေါင်းက ၁၅ ယောက် ဖမ်းသွားတာကတော့ ဟုတ်တယ်၊ ဒါပေမဲ့ စာရင်းက မရှိတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ဘယ်ရွာက ကလေးလဲဆိုတာတော့ မပြောနိုင်တဲ့အတွက်ကြောင့် တင်ပြနိုင်တဲ့ နာမည်အသစ်နဲ့ပဲ ကျနော်တို့ တင်လိုက်တာပါ"

ဖမ်းဆီးခံရသူတွေဟာ ရှမ်းတိုင်းရင်းသားတွေနဲ့ တအာင်း (ပလောင်) တိုင်းရင်းသားတွေဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့က ကေအိုင်အေတပ်က ကျေးရွာတွေမှာ တစ်ရွာကို လူ ၆ ယောက်စီ ပေးဖို့တောင်း ခံထားတာရှိတယ်လို့လည်း ကိုစိုင်းမြတ်အောင်က ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရသူတွေ ပြန်လည်လွတ်မြောက်ဖို့အတွက် ကချင်လူငယ်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ကြိုးစားနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက လားရှိုးမြို့နယ်အတွင်း ကျေးရွာတွေက ဒေသခံ ၅ဝ လောက်ကို လက်နက်ကိုင်အဖွဲ့ တစ်ခုက ခေါ်ဆောင်ခဲ့ပြီး အဲ့ဒီဒေသခံတွေ ပြန်လည်လွတ်မြောက်တာ မရှိသေးဘူးလို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ KIA တာဝန်ရှိသူတွေကို RFA က ဆက်သွယ်လို့ မရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။