ခင်ဦးမြို့နယ်က ရွာနှစ်ရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ မြေမြှုပ်မိုင်းတွေ့
2022.11.30

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်ပြီး ကင်းပုန်း ရယူခဲ့တဲ့ ရွာသာနဲ့ ရွှေပြည်သာ ရွာအနီးမှာ မြေမြှုပ်မိုင်း သုံးလုံးကို နိုဝင်ဘာလ ၂၉ ရက် မနေ့က ရှာဖွေတွေ့ရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
နောက်ထပ်လည်း မြေမြှုပ်မိုင်းတွေ ကျန်ရှိနိုင်သေးတာကြောင့် ဒေသခံတွေက သတိထားသွားလာဖို့ လိုကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ရွှေဘို-မြစ်ကြီးနားလမ်းပေါ်တက်တော့ ရွာသာ ဇရပ်လေး ရှိတယ်။ အဲဒီဇရပ် ဝန်းကျင်တို့၊ ရွှေပြည်သာရွာရဲ့ အရှေ့ဘက်မှာလည်း နွားတစ်ကောင် မိုင်းနင်းမိတာ ရှိတယ်။ အဲဒီမှာ မိုင်းရှင်းလင်းရေးလုပ်တဲ့အခါ မြေမြှုပ်မိုင်း သုံးလုံး တွေ့တယ်။ နောက်ထပ်လည်း ရှိနိုင်သေးတယ်”
နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ရွှေဘို-ခင်ဦး-ရေဦး လမ်းတစ်လျှောက် ရွာတွေကို အင်အား ၁၆၀ လောက်ပါတဲ့ စစ်ကြောင်း ဝင်ရောက်ပြီးနောက် မြေမြှုပ်မိုင်း နင်းမိလို့ နွားနှစ်ကောင်နဲ့ ကားတစ်စီး ပျက်စီးထိခိုက်မှုတွေရှိခဲ့လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက မိုင်းရှင်းလင်းရေးတွေ လုပ်ရတာလည်း ဖြစ်ပါတယ်။
မြေမြှုပ်မိုင်းတွေ ကျန်နေသေးသလို စစ်တပ်က ပစ်ခတ်ခဲ့တဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီး အကြွင်းအကျန်တွေလည်း ရှိနိုင်သေးတာကြောင့် ရွှေပြည်သာ၊ ရွာသစ်၊ ရွာသာ၊ ကြို့ကန်၊ မြေနီသျှို အစရှိတဲ့ ရွာတွေမှာနေတဲ့ ဒေသခံတွေ သတိထားသွားလာကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်တွန်းထားပါတယ်။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကတော့ ခင်ဦးမြို့နယ်ထဲမှာ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်မှုတွေလည်း ရှိနေတဲ့အတွက် ဘယ်အဖွဲ့အစည်းက ထောင်တယ်ဆိုတာ တိတိကျကျ သိနိုင်ဖို့ ခက်ခဲတယ်လို့ RFA ကို ပြောပါတယ်။
“အခုက လမ်းပေါ်ရော လမ်းအောက်ရော ဘယ်နေရာမှ မရှောင် မိုင်းထောင်နေတာ တွေရှိတော့ ဘယ်သူတွေ လုပ်တယ်ဆိုတာတော့ မပြောတတ်ဘူး။ ပြည်သူတွေအနေနဲ့ အန္တရာယ်ရှိတဲ့နေရာတွေ မသွားဖို့ လိုတယ်။ သက်ဆိုင်ရာက ရှင်းလင်းရေးအဖွဲ့တွေက ရှင်းလင်းပေးမှာပါ”
ခင်ဦးမြို့နယ်မှာ နိုဝင်ဘာ ၁၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ စစ်ကောင်စီတပ် စစ်ကြောင်း သုံးကြောင်းဝင်ရောက်ခဲ့ပြီး နှစ်ပတ်အတွင်း ရွာပေါင်း ၁၂ ရွာက နေအိမ် ၇၇၇ လုံး မီးရှို့ဖျက်ဆီးခဲ့ရပြီး အရပ်သားနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၂၃ ဦး သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီတစ်မြို့နယ်ထဲမှာပဲ စစ်အာဏာသိမ်းချိန်ကနေ အောက်တိုဘာလကုန်ထိ စစ်ကောင်စီရဲ့ လက်ချက်နဲ့ ရွာပေါင်း ၄၇ ရွာက နေအိမ်ပေါင်း ၁,၈၅၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို စုစုပေါင်း ၂၁၈ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။