အသိမ်းခံ လယ်မြေ ထွန်ယက်သူများ ကျူးကျော်မှုဖြင့် တရားစွဲခံရ


2014.07.06

ကယားပြည်နယ် ဖရူဆိုမြို့နယ် ဆိုလျားကူးကျေးရွာမှာ စစ်တပ်ကသိမ်းထားတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက် ထွန်ယက်ခဲ့တဲ့ တောင်သူတွေထဲက တောင်သူ ၁၉၀ ဦးကို အမှတ် ၅၃၁ ခြေမြန်တပ်ရင်းမှူးက ပိုင်နက်ကျူးလွန်မှုနဲ့ အမှုဖွင့်ထားတယ်လို့ တောင်သူတွေက ပြောပါတယ်။

အမှုဖွင့်ခံထားရတဲ့ တောင်သူ ၁၉၀ ဦးထဲက တစ်ရက်ကို ၁၀ ဦးစီ ရဲစခန်းမှာ လာရောက်အစစ်ဆေးခံဖို့ အကြောင်းကြား ထားတယ်လို့ အမှုဖွင့်ခံထားရတဲ့ တောင်သူ ကိုအန်ထော်နီတူးရယ်က ပြောပါတယ်။

"မနေ့ကလာခေါ်သေးတယ် တရားစစ်ဆေးခံဖို့ လူအယောက် ၂၀ ကို နှစ်ရက်အတွက်လာခေါ်တယ်၊ ရဲက လာဖို့ပြောသွားတယ်၊ ဒါပေမဲ့ မသွားနိုင်ဘူးလို့ပဲ အကြောင်းစာပြန်လိုက်တယ်၊ အဲ့ဒီမှာ ဝင်ရောက်ထွန်ယက် သွားတဲ့သူက အယောက် ၃၀၀ လောက်ရှိတယ် အဲ့ဒီလူ ၃ဝဝ လုံးကို တရားစွဲပါလို့ ပြောလိုက်တယ်"

လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်လောက်က ဆိုလျားကူးရွာမှာရှိတဲ့ လယ်ယာမြေ၊ စားကျက်မြေနဲ့ သစ်တောမြေဧက စုစုပေါင်း ၁၂၀၀ ကျော်ကို အမှတ် ၅၃၁ ခြေမြန်တပ်ရင်းက သိမ်းဆည်းခဲ့ပြီး သီးစားချထားတယ်လို့ သိရပါတယ်။

သိမ်းဆည်းခံထားရတဲ့ အဲ့ဒီမြေတွေမှာ ဝင်ရောက်စိုက်ပျိုးမယ်ဆိုရင် တပ်ပိုင်မြေမှာ လုပ်ကိုင်တာဖြစ်ကြောင်း လက်မှတ်ရေးထိုးရမယ်လို့ စစ်တပ်က ညွှန်ကြားထားတဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ ဒေသခံတောင်သူတွေက  ပြီးခဲ့တဲ့ မေလ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တို့မှာ ဝင်ရောက်ထွန်ယက်ခဲ့ကြတာဖြစ်ပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။