လွိုင်လင်လေးမြို့မှာ ကျောင်းဖွင့်နေတဲ့ ဆရာ၊ ဆရာမ ခြောက်ဦးကို KSP ဖမ်းဆီးစစ်ဆေးနေ

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ခွင့်ပြုချက် ဒါမှမဟုတ် ဒေသခံတွေရဲ့ ခွင့်ပြုချက်မရှိဘဲ စစ်ကောင်စီရဲ့ ညွှန်ကြားမှုနဲ့ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ် သင်ကြားနေတဲ့ ကျောင်းဆရာ၊ ဆရာမ ခြောက်ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကရင်နီ ရဲတပ်ဖွဲ့ (KSP) က မနေ့က ထုတ်ပြန်ပါတယ်။
ကရင်နီပြည်ရဲတပ်ဖွဲ့ အမှတ် (၅) ရဲစခန်းနယ်မြေမှာ ခွင့်ပြုချက်မရှိဘဲ ကျောင်းဖွင့် စာသင် နေတယ်လို့ ဒေသခံတွေက တိုင်ကြားလာတာကြောင့် အခုလို ခေါ်ယူစစ်ဆေးနေတာလို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
ကယားပြည်နယ် လွိုင်လင်လေးမြို့၊ အောင်မင်္ဂလာရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း က ကျောင်းဆရာနှစ်ဦးနဲ့ ဆရာမလေးဦး စုစုပေါင်းခြောက်ဦးကို ဇွန်လ ၂၄ ရက်နေ့က ကရင်နီ ရဲတွေနဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) ရဲ့ တပ်ရင်း - ၁၂ က တပ်ဖွဲ့တွေ ပူးပေါင်းပြီး ဖမ်းသွားတာပါ။
ကရင်နီကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ဒေသမှာ စစ်ကောင်စီရဲ့ ပညာရေးကိုပါ ခွင့်မပြု ထားတာကြောင့် အခုလိုအဖမ်းခံရတာ ဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လွိုင်လင်ဒေသခံတစ်ဦးက ပြောပါတယ်။
“အဓိက ကတော့ ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ဒေသတွေမှာ စစ်ကောင်စီ က လုပ်တဲ့ ပညာရေးမျိုးတွေ ဘယ်ဟာမျိုးမှ ခွင့်မပြုထားဘူး။ ဒီဘက်ကလည်း ဘာမှ မလုပ်လောက်ဘူးလို့ သူတို့ထင်ပုံရတယ်။ ပညာရေးလုပ်တာပဲဆိုပြီး တွေးပြီးလုပ်တာလို့ ထင်တာပဲ။ ဒါပေမဲ့ ဘယ်ရမလဲ။ ဒီလိုနေရာမျိုးတွေမှာ စစ်တပ်ရဲ့ ယန္တရား လည်ပတ်စေတဲ့ ဟာမျိုးတွေ လုပ်တဲ့ဟာမျိုးတွေကျရင်တော့ ဘယ်ခွင့်ပြုမလဲ”
ကရင်နီပြည်နယ်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလ ပညာရေး ကျောင်းတွေ ဖွင့်လှစ်ထားသလို ကရင်နီပြည် ပညာရေးဘုတ်အဖွဲ့တွေက ဖွင့်လှစ်ထားတဲ့ ပညာရေးကျောင်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ကရင်နီ ရဲတပ်ဖွဲ့ (KSP) ကတော့ ဖမ်းထားတဲ့ ဆရာ၊ ဆရာမတွေရဲ့ စစ်ဆေးပေါ်ပေါက်ချက် အပေါ် မူတည်ပြီး စီရင်ချက်တွေ ချမှတ်မယ်လို့ မနေ့က ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဖော်ပြ ထားပါတယ်။
စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အဖမ်းခံထားရတဲ့ ဆရာ၊ ဆရာမတွေနဲ့ အဆက်သွယ် ရဖို့အပြင် လွတ်မြောက်နိုင်ဖို့ပါ လုပ်ဆောင်နေတယ်လို့ RFA ကို ပြောပါတယ်။
“သူတို့အနေနဲ့ ကယားပြည်နယ်မှာ ဆရာ၊ ဆရာမတွေကို ခြိမ်းခြောက်တာတွေ ဖမ်းသွားတာတွေရှိပါတယ်။ ဆရာ၊ ဆရာမတင် မကဘူး တချို့ဝန်ထမ်းတွေကို ဖမ်းသွားတာတွေရှိတယ်။ ကယားပြည်နယ်နေ့မှာ လွိုင်ကော်ကိုရအောင် လုပ်မယ်ဆိုပြီး PDF ရယ် KNPP အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်တဲ့ဟာတွေရှိတယ်။ တချို့သော အရပ်သူ အရပ်သားတွေ ဖမ်းသွားတာ အခုချိန်ထိ ပြန်မလွှတ်သေးတာရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ လွတ်မြောက်နိုင်ရေးရယ် အဆက်အသွယ်ရရှိရေးရယ် လုံခြုံရေးအရ လိုအပ်တဲ့ လုပ်ငန်းတွေမှန်သမျှ ဆောင်ရွက်လျက်ရှိပါတယ် ”
Save the Children အဖွဲ့ကတော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်လအတွင်း စာသင်ကျောင်းတွေ အပါအဝင် ပညာရေး အဆောက်အအုံ ၂၆၀ တိုက်ခိုက်ခံရတာ၊ ပေါက်ကွဲမှု အကြိမ် ၁၉၀၊ မီးရှို့မှု ၃၃ ကြိမ်နဲ့ အသတ်ခံရတဲ့ ဆရာ၊ ဆရာမ ၁၀ ဦးအထိ ရှိခဲ့တာကြောင့် ပညာသင်ခွင့်ဆုံးရှုံးနေတဲ့ ကလေးတွေကို အကာအကွယ်ပေးဖို့ အခု ဇွန်လထဲမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်အချက်အရ အာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၂ ခုနှစ်၊ မေလ ၂၇ ရက်နေ့ အထိ အသတ်ခံရတဲ့ ပညာရေးဝန်ထမ်း ၄၀ ဦးအထိ ရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့ ပညာရေး ဝန်ထမ်း ၁၄ ဦးနဲ့ ပျောက်ဆုံးနေသူ ၁၁ ဦးရှိတယ်လို့လည်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။