ကယားပြည်နယ်က ကျောင်းသား ၉၀ ရာခိုင်နှုန်းကျော် စစ်ကောင်စီကျောင်းတွေမှာ မတက်
2022.07.04

ကယားပြည်နယ် (ကရင်နီ) ပြည်က ကျောင်းသူ၊ ကျောင်းသား ၉၀ ရာခိုင်နှုန်းကျော်ဟာ အခုနှစ် ပညာသင်နှစ်အတွက် စစ်ကောင်စီကဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ စာရင်းပေးတက်ရောက်တာ မရှိဘူးလို့ ကရင်နီပြည်အစိုးရရဲ့ ပညာရေးဝန်ကြီးဋ္ဌာနက ဇူလိုင်လ ၂ ရက်နေ့မှာ သတင်းထုတ်ပြန် ပါတယ်။
ဒါကြောင့် ကယားပြည်နယ်ထဲက ကျောင်းသားတွေ ပညာရေး အဆက်မပြတ်စေဖို့ ကရင်နီပြည် အစိုးရ ပညာရေးဝန်ကြီးဋ္ဌာနနဲ့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ပညာရေး ကော်မတီတို့ဟာ မိဘပြည်သူတွေ၊ ဆရာ ဆရာမတွေအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ကြားကာလ ပြည်သူ့အခြေပြု အခြေခံပညာရေး ဖွင့်လှစ်သင်ကြားနေတယ်လို့ ဆိုပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီနဲ့ လိုက်လျောညီထွေမှုမရှိတဲ့ သင်ခန်းစာတွေကို ချန်လှပ်ပြီး သမိုင်းနဲ့ လူမှုရေး ဘာသာရပ်တွေကိုလည်း ပြင်ဆင်ဖြည့်စွက်သင့်တာတွေကို လုပ်ဆောင်သွားမယ်လို့ ကရင်နီပြည်နယ် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပုံမှန်ကျောင်းပညာရေး ပြန်လည်တက်ရောက်ချိန်မှာလည်း ကျောင်းသားတွေအတွက် လွယ်ကူရိုးရှင်းတဲ့ အတန်းတင်စနစ်ကို ဆက်ပြီး အသိပေးသွာမယ်လို့ ဆိုပါတယ်။
ကြားကာလ ပြည်သူ့အခြေပြု အခြေခံပညာရေးအတွက် ပညာသင်နှစ်တစ်နှစ်ကို စာသင်ကြားချိန် ကာလနှစ်ခု (Two Semester) ပါဝင်ပြီး အခု ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်ကစလို့ မိခင်ဘာသာ စကား အခြေပြုဘာသာစကားစုံသုံး ပညာရေး (MTB-MLE) အသုံးပြုသွားဖို့လည်း အသိပေး ထုတ်ပြန်ထားပါတယ်။
လူဦးရေ သုံးသိန်းနီးပါးရှိတဲ့ ကရင်နီလို့ခေါ်တဲ့ ကယားပြည်နယ်မှာ အာဏာသိမ်း နောက်ဆက်တွဲ ပြည်တွင်းစစ်ကြောင့် ပြည်နယ်အတွင်းမှာပဲ ဖြစ်သလို နေရာပြောင်းရွှေ့ ခိုလှုံနေရတဲ့ စစ်ဘေး ဒုက္ခသည် အရေအတွက် နှစ်သိန်းကျော်နေပြီလို့ ကရင်နီလူမှုအသင်းအဖွဲ့ကွန်ရက်က သတင်း ထုတ်ပြန်ထားပါတယ်။