ကယားပြည်နယ် ဝန်ကြီးချုပ်ရဲ့ နေအိမ်ခြံဝန်း အလှဆင်ဖို့ တင်ပြငွေ ပယ်ချ


2016.09.30
kayah-parliament-620.jpg ကယားပြည်နယ် လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်
Photo: Nay Thwae/RFA

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုရဲ့နေအိမ်ခြံဝန်းအတွင်း အလှဆင်ဖို့အတွက် ငွေကျပ် သိန်း ငါးဆယ်ကို ပြည်နယ်အစိုးရရဲ့ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ဘဏ္ဍာငွေစာရင်းထဲမှာ ထည့်ထားတာကို ဒီကနေ့ကျင်းပတဲ့ ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးက ပယ်ချလိုက်ပါတယ်။

ဒီတောင်းဆိုချက်ဟာ ဘဏ္ဍာရေး စည်းမျဉ်း လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီတာကြောင့် လွှတ်တော်က ပယ်ချ လိုက်တာဖြစ်တယ်လို့ ကယားပြည်နယ် ပြည့်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီ ဥက္ကဌ ဦးစိုးရယ်ကပြောပါတယ်။

"ဒီဘဏ္ဍာရေးစည်းမျဉ်းတွေကို သေချာမစိစစ်ခဲ့ဘူးပေါ့နော်။ မစိစစ်ဘဲနဲ့ ဒီလိုမျိုးတင်လာတဲ့အခါကျတော့ ကျွန်တော်တို့ ဒီလွှတ်တော်ဥက္ကဌ ကြီးကလည်း ရုံးလုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းအတိုင်း စိစစ်ပါဆိုပြီး ကော်မတီကို စိစစ်ခိုင်းတော့ ကော်မတီက စိစစ်ပြီး တင်ပြလိုက်တော့ လွှတ်တော်ကနေ ပယ်ချလိုက်တဲ့ သဘောပါ"

ပြည်နယ်ဝန်ကြီးချုပ်ရဲ့ အိမ်ခြံဝင်းအလှဆင်ဖို့ ငွေကျပ်သိန်း ငါးဆယ်ချပေးဖို့ကို ကယားပြည်နယ်စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က တင်ပြခဲ့တာဖြစ်ပြီး ၂၀၁၆ -၁၇ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက် ခွင့်ပြုငွေ ကျပ်သန်းပေါင်း ၂၇၀၀ ကျော်ထဲကနေ ပေးအပ်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဖြည့်စွက်ခွင့်ပြုတဲ့ ဘတ်ဂျက်ငွေတွေကို ပြည်နယ်အစိုးရအဖွဲ့ ရုံးအသစ်တည်ဆောက်ဖို့၊ ခရိုင်မြို့နယ် စုပေါင်းရုံး တည်ဆောက်ဖို့ စိမ့်စမ်းရေသွယ်တာတွေ ရေပိုက်လိုင်းတိုးချဲ့တာနဲ့ စာသင်းကျောင်းအတွက် ရေတွင်းတူးဖို့၊ လျှပ်စစ်မီးသွယ်တန်းတဲ့ လုပ်ငန်းတွေကို အဆင့်မြင့်တင်ဖို့နဲ့ ၂၀၁၄ -၂၀၁၅ နဲ့ ၂၀၁၅ - ၁၆ ဘဏ္ဍာရေးနှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန်ကြွေးတွေ ပေးချေဖို့ လျာထားတာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။