ဖားဆောင်းမြို့က သတ္ထုတွင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိ


2018.08.17
mawche-622.jpg ကယားပြည်နယ်၊ မော်ချီးသတ္တုတွင်းကို တွေ့ရစဉ်
Photo: RFA

ကယားပြည်နယ် ဖားဆောင်းမြို့ မော်ချီး ခဲမဖြူ၊ အဖြိုက်နက် သတ္တုတွင်းကြောင့် ကျေးရွာ ၁၂ ရွာမှာ သဘာဝ ပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် ထိခိုက်တာတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီသတ္တုတွင်းကြောင့် ဒေသခံတွေရဲ့ စိုက်ပျိုးရေးခြံတွေ ဆုံးရှုံးတာအပြင် သောက်သုံးရေ အသုံးပြုနေရတဲ့ မြစ်ချောင်းတွေပါ တိမ်ကောတာတွေ ဖြစ်နေတယ်လို့ ကယားပြည်လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် အခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုကွန်ယက်က ကိုစောအယ်ဆေးက ပြောပါတယ်။

"အဓိက ခံစားရတာကတော့ သတ္တုတွင်းနားမှာရှိတဲ့ ဒေသခံပြည်သူတွေ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုရင် သူတို့နားမှာရှိတဲ့ ရေအရင်းမြစ်တွေ ပျက်စီးတာရှိတယ်။ ပျက်စီးတာဆိုရင်သူတို့ သောက်နေတဲ့ ချောင်းရေတွေ လုံးဝပျက်စီးသွားတဲ့ အဆင့်ရှိတယ်။ သူတို့ရဲ့ စိုက်ပျိုးရေးခြံတွေ ပျက်စီးတယ်။ ပြီးတော့ သောက်သုံးနေ တဲ့ရေတွေမှာ ခဲဓာတ်တွေပါဝင်မှု အရမ်းမြင့်နေတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုမှာဆိုရင် ခဲတူးရင် သူတို့ဆီက ခွင့်ယူရတာပါတယ်။ သူတို့သတ်မှတ်တဲ့ ဈေးနဲ့ပေးရတယ်။ သူတို့သတ်မှတ်တဲ့အချိန်မှာပဲ ငွေသိမ်းရတယ်။ အဲဒီလိုမျိုးရှိတယ်ခင်ဗျ"

ဖားဆောင်းမြို့နယ်က မော်ချီးသတ္တုတွင်း  အပါဝင် ကယားပြည်နယ် မြို့နယ် ၇ ခုလုံးမှာရှိနေတဲ့ သတ္တုတွင်းတွေကြောင့် ဒေသခံတွေ ထိခိုက်မှုတွေရှိနေကြောင်း " တိတ်ဆိတ်စွာ ဆက်လက်ဖြစ်ပေါ်နေသော လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုများ" ခေါင်းစဉ်နဲ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

မော်ချီးသတ္တုတွင်းကို မြန်မာ့စီးပွားရေးဦးပိုင်နဲ့ သတ္တုတွင်းဦးစီးဌာနအပြင် လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ပါဝင်ပတ်သက်နေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်း ရှင်တွေကလည်း ဝင်ထွက်သွားလာမှု ပိုများလာတယ်လို့ သိရပါတယ်။

မော်ချီး ခဲမဖြူ၊ အဖြိုက်နက် သတ္တုတူးဖော်ရေးလုပ်ငန်းကြောင့် မြေပြိုတာ၊ သစ်တောပြုန်းတာ၊ ချောင်းတွေပျက် စီးတာ၊ စိုက်ပျိုးရေးခြံတွေနဲ့ လမ်းတွေပျက်စီးတာတွေအပြင် လူမှုရေးပြဿနာတွေကိုလည်း ဖြစ်ပေါ်နေကြောင်း ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။